
အီရန်တော်လှန်ရေးစောင့်တပ်များက ၎င်းတို့၏ ထိပ်တန်းခေါင်းဆောင်များကို “ပစ်မှတ်ထား သတ်ဖြတ်မှု” ထပ်မံပြုလုပ်လာပါက Apple၊ Google၊ Meta အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီကြီးများကို တုံ့ပြန်တိုက်ခိုက်မည်ဟု အင်္ဂါနေ့က သတိပေးလိုက်သည်။
တီဟီရန်မြို့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် အီရန်အရာရှိများကို သတ်ဖြတ်ရာ၌ ပူးပေါင်းဆောင်ရွက်နေသည်ဟု စွပ်စွဲထားသော ကုမ္ပဏီ ၁၈ ခုကို ဖော်ပြခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက် ဗုဒ္ဓဟူးနေ့ တီဟီရန်စံတော်ချိန် ည ၈ နာရီ (1630 GMT) မှစတင်ကာ အီရန်တွင် ဖြစ်ပွားသည့် “သတ်ဖြတ်မှုတစ်ကြိမ်လျှင် သက်ဆိုင်ရာယူနစ်များ ဖျက်ဆီးခံရမည်” ဟု ခြိမ်းခြောက်ခဲ့သည်။ “အဆိုပါအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန် လုပ်ငန်းခွင်များမှ ချက်ချင်း ထွက်ခွာကြရန်” ဟုလည်း တိုက်တွန်းထားသည်။
ကြေညာချက်အရ အမေရိကန်အစိုးရနှင့် နည်းပညာကုမ္ပဏီကြီးများသည် အီရန်ထိပ်တန်းအရာရှိများကို ပစ်မှတ်ထားသည့် လုပ်ငန်းများ ရပ်တန့်ရေးနှင့် ပတ်သက်၍ ၎င်းတို့၏ ထပ်ခါတလဲလဲ သတိပေးချက်များကို လျစ်လျူရှုခဲ့ကြောင်း စွပ်စွဲထားသည်။ ထို့ပြင် Apple၊ Google၊ Meta တို့အပြင် Intel၊ Microsoft၊ Oracle၊ Tesla၊ Palantir နှင့် Nvidia အပါအဝင် ကုမ္ပဏီ ၁၈ ခုသည် “လူသတ်ပစ်မှတ်ဖော်ထုတ်ရေးနှင့် ခြေရာခံရေး” တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟုလည်း ပြောဆိုခဲ့သည်။
အီရန်ဘက်တွင်မူ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံရေးနှင့် လုံခြုံရေးခေါင်းဆောင်မှုအပေါ် ကြီးမားသည့် ထိုးနှက်ချက်ပေးရန် ရည်ရွယ်ပြီး ထိပ်တန်းပုဂ္ဂိုလ်များကို သတ်ဖြတ်နေကြောင်း ယုံကြည်ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပဋိပက္ခကို အဆုံးသတ်ရန် သံတမန်ရေးလမ်းကြောင်းဖြင့် ဦးတည်လုပ်ဆောင်နေကြောင်း ပြောဆိုထားသော်လည်း အမေရိကန်-အစ္စရေး စစ်ဆင်ရေးကို တိုးမြှင့်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။
အစီရင်ခံချက်အရ ၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲ၏ ပထမနေ့တွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီနှင့် တော်လှန်ရေးစောင့်တပ် ကွပ်ကဲရေးမှူးချုပ် မိုဟာမက် ပါကပူးရ်တို့ သေဆုံးခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့က အီရန်ခေါင်းဆောင်ပိုင်းတစ်ခုလုံးကို ဖယ်ရှားရန် ကြိုးပမ်းနေသည်ဟု ဖော်ပြထားသည်။ ထို့အပြင် အီရန်၏ ဩဇာကြီးမားသော လုံခြုံရေးအကြီးအကဲ အလီ လရာဂျာနီနှင့် အခြားထင်ရှားသူအများအပြားလည်း သေဆုံးခဲ့ကြောင်း ဆိုသည်။
အစ္စရေးနှင့် အမေရိကန်တို့က ထိပ်တန်းအရာရှိများကို သတ်ဖြတ်ခြင်းဖြင့် အီရန်အပေါ် ကြီးမားသော ထိုးနှက်ချက်ပေးနိုင်ခဲ့သည်ဟု ပြောဆိုနေကြသော်လည်း လေ့လာသုံးသပ်သူအချို့ကမူ အီရန်နိုင်ငံသည် ဖိအားများကြားတွင် ရင်ဆိုင်နိုင်စွမ်းနှင့် ပြန်လည်ပြုပြင်နိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း သုံးသပ်နေကြသည်။