ထရမ့်၏ ၈၀ နှစ်ပြည့် အခမ်းအနားအတွက် သမ္မတအိမ်တော်မြက်ခင်းပြင်ပေါ် UFC အော်တာဂွန် တပ်ဆင်မှု ပြီးစီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ၈၀ နှစ်ပြည့် မွေးနေ့နှင့် ၁၇၇၆ ခုနှစ် လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးမှု၏ ၂၅၀ နှစ်မြောက်ကို ဂုဏ်ပြုရန် ဝါရှင်တန်ရှိ သမ္မတအိမ်တော်၏ South Lawn ပေါ်တွင် UFC ပွဲကြီးအတွက် အော်တာဂွန် (Octagon) နှင့် ယာယီအားကစားရုံကို တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။ လူ ၄,၀၀၀ ကျော် ဝင်ဆံ့မည့် အဆိုပါပွဲကို တနင်္ဂနွေနေ့ ညပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည်။
AP သတင်းအရ ကွင်းတည်ဆောက်မှုတွင် ဒေါ်လာ ၆၀ သန်းကျော်နှင့် လုပ်အားနာရီများစွာ သုံးစွဲထားပြီး အချင်း ၃၀ ပေ (၉ မီတာ) ရှိသည့် အော်တာဂွန်ကို UFC ၏ အမှတ်တံဆိပ်ပုံစံအတိုင်း တိတိကျကျ ဖန်တီးထားသည်။ အပေါ်ဘက်တွင် အမြင့် ၉၀ ပေ (၂၇ မီတာ) ကျော်ထိ မြင့်တက်နေသည့် “The Claw” ဟု ခေါ်သော မီးလုံး၊ အသံစနစ်နှင့် မျက်နှာပြင်ကြီး ၄ ခုပါ ပလက်ဖောင်းကြီးတစ်ခုလည်း တပ်ဆင်ထားပြီး ပွဲကြည့်ပရိသတ်များ တိုက်ရိုက်ယှဉ်ပြိုင်မှုကို မြင်တွေ့နိုင်ရန် စီစဉ်ထားသည်။
အဆိုပါပွဲစဉ်များသည် သမ္မတအိမ်တော်၏ South Lawn အများစုကို ဖုံးလွှမ်းထားပြီး ပုံမှန်အားဖြင့် Marine One ရဟတ်ယာဉ် ဆင်းသက်ရာနေရာနှင့် နှစ်စဉ် Easter Egg Roll ပွဲပြုလုပ်ရာ မြက်ခင်းပြင်လည်း ပါဝင်နေသည်။ သမ္မတအိမ်တော်က UFC က ကုန်ကျစရိတ်ကို တာဝန်ယူထားကြောင်း ပြောဆိုသော်လည်း အမေရိကန် အမျိုးသားဥယျာဉ်ဝန်ဆောင်မှု (National Park Service) ၏ တရားရုံးစာရွက်စာတမ်းအရ Department of Homeland Security နှင့် Federal Aviation Administration အပါအဝင် အေဂျင်စီ ၇ ခုက “အရင်းအမြစ်နှင့် လူအင်အား များပြားစွာ ချပေးထားသည်” ဟု ဖော်ပြထားသည်။
ပွဲမစမီ အစီအစဉ်များအရ သောကြာနေ့ညတွင် Lincoln Memorial ၌ UFC အကြီးအကဲ Dana White နှင့် တိုက်ခိုက်ရေးသမားများ ပါဝင်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ်ပြီး စနေနေ့တွင် Ellipse ပန်းခြံ၌ ကိုယ်အလေးချိန်ချိန်ခြင်း အခမ်းအနားလည်း ပြုလုပ်မည်ဖြစ်သည်။ လက်မှတ်ကံစမ်းပေးခဲ့ရာမှ ရရှိသူများအပါအဝင် လူ ၁၂၀,၀၀၀ ကျော်က အနီးနားရှိ မျက်နှာပြင်ကြီးများပေါ်တွင် တနင်္ဂနွေနေ့ညပွဲကို ကြည့်ရှုရန် မျှော်လင့်ထားသည်။ စတန့်သမား Travis Pastrana ကလည်း သမ္မတအိမ်တော်မြက်ခင်းပေါ်တွင် dirt bike ဖြင့် အန္တရာယ်ကြီးသော backflip တစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားသည်။
ပွဲကျင်းပရာနေရာကို မိုးရွာသော်လည်း ဆက်လက်ကျင်းပနိုင်ရန် စီစဉ်ထားပြီး ဝါရှင်တန်၌ ပူပြင်းစိုစွတ်သော ရာသီနှင့် မိုးကြိုးမုန်တိုင်း ဖြစ်နိုင်ခြေ ရှိနေကြောင်း မိုးလေဝသခန့်မှန်းချက်များက ဖော်ပြသည်။ The Claw ၏ အောက်ခြေတွင် မိုးကာအကာအရံ ပါရှိသဖြင့် တိုက်ခိုက်ရေးသမားများကို မိုးဒဏ်မှ အတော်အတန် ကာကွယ်ပေးနိုင်သော်လည်း ပရိသတ်အများစုမှာ မိုးစိုနိုင်ဖွယ်ရှိသည်။ UFC အကြီးအကဲ Dana White က မိုးကြိုးပြင်းထန်စွာ ဖြစ်လာလျှင်ပင် ပွဲကို ဖျက်သိမ်းမည်မဟုတ်ကြောင်း ပြောဆိုပြီး “နှင်းကျလည်း ဂရုမစိုက်ဘူး” ဟု ဆိုထားသည်။