တောင်မီးလောင်ပျက်စီးသစ်တောများ ပြန်လည်စိုက်ပျိုးရန် ကိုရီးယားတွင် ဒရုန်းအသုံးပြု

တောင်ကိုရီးယား သစ်တောဦးစီးဌာနက Hyundai Motor နှင့် လူမှုလုပ်ငန်းအဖွဲ့ Tree Planet တို့နှင့် ပူးပေါင်းကာ မီးလောင်ပျက်စီးသွားသည့် သစ်တောများကို ဒရုန်းနှင့် လျှပ်စစ်ယာဉ်နည်းပညာတို့ဖြင့် ပြန်လည်ထူထောင်ရန် စတင်လိုက်သည်။ အန်းဒုံ၊ ယောင်းဂျူနှင့် ဆန်ချွန်ဒေသများတွင် သစ်ပင် ၂၅,၀၀၀ ပင် စိုက်ပျိုးမည်ဖြစ်ပြီး ဒရုန်းဖြင့်လည်း မျိုးစေ့နှင့် မြေဩဇာ စုစုပေါင်း ၆၀၀ ကီလိုဂရမ် ချထားမည်ဖြစ်သည်။
သစ်တောဦးစီးဌာန ကော်မရှင်နာ Park Eun-sik ဦးဆောင်သည့်အဖွဲ့သည် အင်္ဂါနေ့က ဆိုးလ်မြို့ရှိ National Institute of Forest Science ၌ Hyundai Motor နှင့် Tree Planet တို့နှင့် သုံးပွင့်ဆိုင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ လေထုညစ်ညမ်းမှု လျှော့ချရေး၊ စမတ်နည်းပညာအခြေပြု သစ်တောစီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဖြစ်သည်။
ဤစီမံကိန်း၏ အဓိကအင်္ဂါရပ်မှာ Hyundai ၏ စမတ်မိုဘိုင်းလီတီနည်းပညာနှင့် ဝေဟင်ဒရုန်းများကို ပေါင်းစပ်ထားသည့် “Ioniq Drone Station” ဖြစ်သည်။ အဆိုပါစနစ်သည် လျှပ်စစ်ယာဉ်အခြေပြု မိုဘိုင်းကွပ်ကဲရေးစင်တာအဖြစ် အသုံးပြုနိုင်ပြီး ဝေးလံခေါင်သီသည့်၊ သွားလာရခက်ခဲသည့် နေရာများတွင် ဒရုန်းများကို စနစ်တကျ လွှတ်တင်၍ ထိန်းချုပ်နိုင်သည်။ အစီအစဉ်သစ်အရ IT အခြေပြု သစ်တောစီမံခန့်ခွဲမှု၊ ဉာဏ်ရည်သုံး ဂေဟစနစ် ပြန်လည်ထူထောင်ရေးနှင့် ကိုရီးယားသစ်တောနည်းပညာကို ကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်ရေးတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။
လက်ရှိတွင် စီမံကိန်း၏ အဓိကပစ်မှတ်မှာ တောင်ကိုရီးယား အရှေ့တောင်ပိုင်းရှိ တောမီးလောင်ကျွမ်းမှုဒဏ်ခံခဲ့ရသည့် အန်းဒုံ (Andong)၊ ယောင်းဂျူ (Yeongju) နှင့် ဆန်ချွန် (Sancheon) ဒေသများ ဖြစ်သည်။ သက်ဆိုင်ရာအဖွဲ့များက paulownia၊ linden၊ raisin နှင့် black locust အပါအဝင် ဒေသခံသစ်ပင်မျိုးစိတ် ၂၅,000 ပင်ကို မြေဧရိယာ ၁၂ ဟက်တာအတွင်း လက်ဖြင့် စိုက်ပျိုးမည်ဖြစ်ပြီး သဘာဝစနစ် ပြန်လည်ကောင်းမွန်လာစေရန် အစပြုသွားမည်ဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင် Ioniq Drone Station ကို အသုံးပြု၍ သဘာဝပြန်လည်ထူထောင်ရေးအတွက် သတ်မှတ်ထားသည့် မြေဧရိယာ ၁၀၀ ဟက်တာအတွင်း ဒေသခံအပင်မျိုးစေ့များနှင့် မြေဩဇာ စုစုပေါင်း ၆၀၀ ကီလိုဂရမ်ကို ဝေဟင်မှ ချပေးမည်ဖြစ်သည်။ ဤနည်းလမ်းကြောင့် လူအားဖြင့် ရောက်ရှိရန် ခက်ခဲသည့် တောင်စောင်းများတွင်ပင် ဘေးကင်းစွာ မျိုးစေ့ကြဲနိုင်မည်ဟု ဆိုသည်။ ရေရှည်တွင် National Institute of Forest Science ကလည်း အဆိုပါ ဒရုန်းစနစ်များကို အသုံးပြု၍ အရည်အသွေးမြင့် ဝေဟင်ဓာတ်ပုံများဖြင့် တောသစ်တောပြန်လည်ထူထောင်ရေးနှင့် သယံဇာတစီမံခန့်ခွဲမှုကို သိပ္ပံနည်းကျ စောင့်ကြည့်သွားမည်ဖြစ်သည်။
Park Eun-sik က “ဤသဘောတူညီချက်သည် ကုမ္ပဏီတစ်ခု၏ ဆန်းသစ်သော နည်းပညာကို သစ်တောပြန်လည်ထူထောင်ရေးနှင့် ချိတ်ဆက်ကာ forestry ESG စီမံခန့်ခွဲမှုအတွက် စံချိန်သစ်တစ်ရပ်ကို တည်ထောင်ပေးနိုင်သဖြင့် အလွန်အရေးပါသည်” ဟု ပြောကြားခဲ့သည်။ ၎င်းက “သစ်တောကဏ္ဍဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှုများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအမျိုးမျိုးကို ဆက်လက် တိုးချဲ့သွားမည်” ဟုလည်း ထပ်မံပြောဆိုခဲ့သည်။