My

တောင်ကိုရီးယားတွင် နာဖ်သာ တင်ပို့မှု ကန့်သတ်ချက် သောကြာနေ့မှ စတင်အသက်ဝင်မည်

အရှေ့အလယ်ပိုင်း ဒေသတွင် ပဋိပက္ခမြင့်တက်လာမှုကြောင့် ပက်ထရိုကဲမီကယ် လုပ်ငန်းများအတွက် အဓိကကုန်ကြမ်းဖြစ်သည့် နာဖ်သာ ပြတ်လပ်မှု ပိုမိုဆိုးရွားလာသဖြင့် တောင်ကိုရီးယားအစိုးရက နာဖ်သာ တင်ပို့မှု ကန့်သတ်ချက်ကို သောကြာနေ့မှ စတင် အကောင်အထည်ဖော်မည်ဟု ကြေညာသည်။ အဆိုပါအစီအမံသည် ၅ လကြာ အသက်ဝင်မည်ဖြစ်သည်။

ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အမိန့်အရ ယင်းကန့်သတ်ချက်သည် သောကြာနေ့ သန်းခေါင်ယံတွင် အစိုးရပြန်တမ်း၌ ဖော်ပြပြီးသည်နှင့် တပြိုင်နက် အသက်ဝင်မည်ဟု ဆိုသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများနောက်ပိုင်း ပြည်တွင်း နာဖ်သာ ထောက်ပံ့ရေးကွင်းဆက် အနှောင့်အယှက်များ ပိုမိုပြင်းထန်လာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားသည် လက်ရှိ နာဖ်သာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်ကို အရှေ့အလယ်ပိုင်း၏ အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်သွင်းနေပြီး စစ်ရေးအခြေအနေကြောင့် ယင်းလမ်းကြောင်းမှာ လက်တွေ့အားဖြင့် ပိတ်သွားသည်ဟု ဆိုသည်။ အစိုးရက နာဖ်သာ ကိုင်တွယ်နေသည့် ပြည်တွင်းကုမ္ပဏီများကို ထောက်ပံ့ရန် supply chain fund မှတစ်ဆင့် အတိုးနည်းချေးငွေများ တိုးချဲ့ပေးရန်နှင့် လိုအပ်ပါက သွင်းကုန်ခရက်ဒစ် ကန့်သတ်ချက်များကို မြှင့်တင်ရန် စီစဉ်နေသည်။

ဘဏ္ဍာရေးဝန်ကြီး ကူး ယွန်ချောလ်က သမ္မတ လီ ဂျေမြောင် ဦးဆောင်ကျင်းပသည့် အရေးပေါ် စီးပွားရေးအစည်းအဝေးတွင် “ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့သည့် အရှေ့အလယ်ပိုင်း အကျပ်အတည်းသည် ယခု တတိယပတ်ကျော်အထိ ရောက်ရှိလာပြီး ဈေးနှုန်းမြင့်တက်မှု၊ ထောက်ပံ့ရေး အနှောင့်အယှက်များနှင့် နိုင်ငံခြားငွေကြေးနှင့် ဘဏ္ဍာရေးဈေးကွက်များတွင် မတည်ငြိမ်မှု တိုးလာခြင်းကဲ့သို့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ထင်ရှားလာနေပြီ” ဟု ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်တွင်းထုတ် နာဖ်သာ၏ ၁၁ ရာခိုင်နှုန်းခန့်ကို လက်ရှိတွင် တင်ပို့နေပြီး ယခုကန့်သတ်ချက်ကြောင့် ထိုပမာဏကို ပြည်တွင်းအသုံးပြုသူများထံ ပြန်လည်လှည့်ပေးမည်ဖြစ်သည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ စက်မှုအရင်းအမြစ် လုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် ယန် ကီဝတ်က “ရရှိနိုင်သည့် ထောက်ပံ့မှုများကို နိုင်ငံအတွင်းမှာပဲ ထိန်းထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော် ပြည်တွင်းစက်ရုံများတွင် အသုံးမပြုသည့် အလေးနာဖ်သာ (heavy naphtha) အမျိုးအစားအချို့ကို တင်ပို့ခွင့် ဆက်လက်ပေးနိုင်ကြောင်းလည်း ဆိုသည်။

ဝန်ကြီးဌာနထံ တင်ပြလာသည့် တင်ပို့ရေးအစီအစဉ်များကို ပြည်တွင်းပက်ထရိုကဲမီကယ် စက်ရုံများတွင် အသုံးပြုနိုင်မနိုင် စစ်ဆေးပြီးမှသာ ခွင့်ပြုမည်ဖြစ်သည်။ ထို့ပြင် ဤကန့်သတ်ချက်ကြောင့် ကုန်သွယ်ရေးပဋိပက္ခ ဖြစ်လာနိုင်ခြေရှိမရှိ မေးမြန်းရာ ယန်က ယင်းစိုးရိမ်မှုများကို ပယ်ချပြီး “ဤတင်ပို့ကန့်သတ်မှုသည် ကုန်သွယ်ရေးအငြင်းပွားမှု ဖြစ်လာနိုင်ခြေ နည်းပါးသည်ဟု ယုံကြည်သည်” ဟု ဖြေကြားခဲ့သည်။

အလားတူ ယူရီးယားနှင့် ယူရီးယားရည် (urea solution) ကို စုဆောင်းသိုလှောင်ခြင်း တားမြစ်ချက်လည်း သောကြာနေ့မှ စတင်အသက်ဝင်မည်ဖြစ်သည်။ ထိုစည်းကမ်းချက်များအရ သွင်းကုန်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် ရောင်းချသူများသည် ယခင်နှစ် လစဉ်ပျမ်းမျှရောင်းအား၏ ၁၅၀ ရာခိုင်နှုန်းထက်ပိုသော ပမာဏကို ၇ ရက်ကျော် ထိန်းသိမ်းထားခြင်း သို့မဟုတ် သင့်လျော်သည့် အကြောင်းပြချက်မရှိဘဲ ရောင်းချရန် ငြင်းဆိုခြင်း မပြုလုပ်ရပေ။

Leave a Comment

Your email address will not be published. Required fields are marked *