တရုတ်-မြောက်ကိုရီးယား စစ်ရေးပူးပေါင်းမှု တိုးချဲ့ရေး ရှီ၏ တောင်းဆိုချက်ကို ပေါင်းစည်းရေးဝန်ကြီးဌာန အနီးကပ်စောင့်ကြည့်

တရုတ်သမ္မတ ရှီကျင့်ဖျင်က ပျုံယန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် တောင်းဆိုခဲ့သည့်အပေါ် တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားလိုက်သည်။ အဆိုပါကိစ္စကို လူသိရှင်ကြား အလျင်အမြန် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ဆိုသည်။
တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီးတွေ့ဆုံပွဲ၌ ရှီက တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် ခိုင်မာစွာ ကတိပြုထားသကဲ့သို့ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ သိပ္ပံနှင့် ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဟု ပြောကြားခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua ကို ကိုးကား၍ သိရသည်။ သို့သော် မြောက်ကိုရီးယားမီဒီယာများတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအကြောင်း ဖော်ပြခြင်း မရှိခဲ့ပေ။
ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလည်း ရှီ၏ ၂၀၁၉ ခုနှစ် ကိုရီးယားကျွန်းဆွယ်ခရီးစဉ်တွင် တရုတ်ကာကွယ်ရေးဝန်ကြီး မလိုက်ပါခဲ့သော်လည်း ယခုအကြိမ်တွင် ဒေါင်ဂျွမ် (Dong Jun) လိုက်ပါခဲ့ကြောင်း ထောက်ပြခဲ့သည်။ ယင်းအချက်က ဘေဂျင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည့် သဲလွန်စဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။
မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်များ သို့မဟုတ် ကိုရီးယားကျွန်းဆွယ် အခြေအနေကို မည်သည့်ဘက်ကမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပေါ်လည်း အဆိုပါ တာဝန်ရှိသူက သတိထားသည့် သဘောထားကို ပြသခဲ့ပြီး ယခုအချိန်တွင် ကောက်ချက်ချရန် စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။ ထိုကိစ္စရပ်များကို တံခါးပိတ်ဆွေးနွေးမှုများအတွင်း ဆွေးနွေးခဲ့နိုင်ပြီး လူသိရှင်ကြား မထုတ်ပြန်ခြင်းသာ ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။