ဆွစ်ဇာလန်တွင် စီစဉ်ထားသည့် အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖျက်သိမ်း၊ ရေရှည်အပစ်အခတ်ရပ်စဲရေး အလားအလာ မရေရာ

အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးအတွက် ဆွစ်ဇာလန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ဆွစ်ဇာလန်အစိုးရက အတည်ပြုလိုက်ရာ ရေရှည်အပစ်အခတ်ရပ်စဲရေး ရရှိနိုင်မည့် အလားအလာမှာ မရေရာသဖြင့် ကျန်ရစ်ခဲ့သည်။ အမေရိကန်ဒုတိယသမ္မတ JD Vance ၏ ဆွစ်ဇာလန်ခရီးစဉ်လည်း ရပ်ဆိုင်းသွားခဲ့သည်။
Reuters ၏ ဖော်ပြချက်အရ Burgenstock တောင်ထိပ်အပန်းဖြေစခန်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ထိုဆွေးနွေးပွဲမှာ သောကြာနေ့တွင် မဖြစ်မြောက်တော့ကြောင်း ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ အဖြေရှာရန် ခက်ခဲနေသည့် အဆိုပါညှိနှိုင်းမှုများ၏ လုပ်ထုံးလုပ်နည်းသည် “ရိုးရှင်းလွယ်ကူသည့် သို့မဟုတ် ခန့်မှန်းနိုင်သည့် ပုံစံမျိုး မဟုတ်ခဲ့” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးညတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အီရန်ဘက်ကတော့ တနင်္လာနေ့မဟုတ်ဘဲ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့သည့် အချက် ၁၄ ချက်ပါ ကြားဖြတ်သဘောတူညီချက်အရ အနည်းဆုံး ရက် ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားသဖြင့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲများ စတင်ရန် အသင့်ရှိကြောင်း အရင်က ပြောထားသည်။ သို့သော် အမေရိကန်ဘက်က ကြားဖြတ်သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်နေကြောင်း အရိပ်အယောင် မမြင်ရမချင်း ဆွေးနွေးပွဲသွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ ရှိမရှိ မသေချာကြောင်း Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်တာဝန်ရှိသူများကလည်း ဆွစ်ဇာလန်တွင် အမေရိကန်-အီရန် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ တရားဝင်ကျင်းပမည်ဟု ပြောခဲ့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတနှစ်ဦး စာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်သောကြောင့် ယင်းအစီအစဉ် မလိုအပ်ကြောင်း သံသယထုတ်ပြခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး လက်ရှိအချိန်အထိ လူ 7,000 ထက်မနည်း သေဆုံးခဲ့ပြီး စွမ်းအင်ဈေးနှုန်းများ မြင့်တက်ကာ ကမ္ဘာ့ဈေးကွက်များလည်း လှုပ်ခတ်သွားခဲ့သည်။
အစ္စရေးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိဘဲ အမေရိကန်-အီရန် သဘောတူညီချက်နှင့် ကင်းကွာနေသည်။ ထို့အပြင် လက်ဘနွန်တွင် အီရန်နှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် Hezbollah လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် သဘောတူညီချက် တည်တံ့နိုင်မည်လားဆိုသည့် မေးခွန်းများ ပိုမိုကြီးထွားလာသည်။ ဝါရှင်တန်တွင်လည်း သမ္မတ Donald Trump ၏ ရီပတ်ဘလီကန် မဟာမိတ်အချို့က နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ စစ်ပွဲအဆုံးသတ်ရေးအတွက် Trump သည် အလွန်အကျွံ လျှော့ပေးလိုက်မိသလားဟု မေးခွန်းထုတ်နေကြသည်။
Trump က စစ်ပွဲကို အီရန်၏ “UNCONDITIONAL SURRENDER” ဖြင့်သာ အဆုံးသတ်မည်ဟု အရင်က ကြေညာထားသော်လည်း လက်မှတ်ရေးထိုးခဲ့သည့် memorandum အရ စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေးခြင်း၊ တန်ဖိုးဒေါ်လာ တစ်သောင်းသန်းများစွာရှိသည့် ပိုင်ဆိုင်မှုများ ပြန်လည်ဖွင့်ပေးခြင်း၊ အီရန်၏ ရေနံတင်ပို့မှုအတွက် အမေရိကန်က ချက်ချင်း ကင်းလွတ်ခွင့်ပေးခြင်းတို့ ပါဝင်လာခဲ့သည်။ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Mojtaba Khamenei က Trump သည် သဘောတူညီချက်ကို “အလွန်အမင်း အရေးပေါ်ဖြစ်နေသည့် အနေအထား” ဖြင့် လက်မှတ်ထိုးခဲ့သည်ဟု ဆိုကာ အီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ နောက်ဆက်တွဲဆွေးနွေးမှုများမှာ လွယ်ကူမည်မဟုတ်ကြောင်း အချက်ပြခဲ့သည်။
သဘောတူညီချက်အရ အီရန်၏ နျူကလီးယားအစီအစဉ်အခြေအနေနှင့်ပတ်သက်၍ ညှိနှိုင်းရန် ၆၀ ရက် အချိန်ပေးထားပြီး သက်တမ်းတိုးသဘောတူညီလာပါက နောက်ထပ်တိုးမြှင့်နိုင်သည်။ ထို့အပြင် အီရန်နှင့် ဆက်စပ်သော ပြန်လည်တည်ဆောက်ရေးရန်ပုံငွေ ဒေါ်လာ ၃၀၀ ဘီလီယံ ဖွဲ့စည်းရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးခံစားခွင့်အချို့လည်း ထည့်သွင်းထားသည်။ Vance ကလည်း ဝါရှင်တန်အနေဖြင့် အီရန်၏ အဝေးပစ်ဒုံးကျည်စွမ်းအားကိုပါ ကန့်သတ်ရန် ကြိုးပမ်းမည်ဟု ပြောသည်။
စစ်ပွဲကုန်ကျစရိတ် မြင့်တက်လာမှုကလည်း အာရုံစိုက်ခံနေရပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ကုန်ကျစရိတ်နှင့် မသက်ဆိုင်သည့် ဘေလ်အချို့ပါ ထည့်တွက်ရန် ဒေါ်လာ ၈၀ ဘီလီယံ လိုအပ်ကြောင်း လွှတ်တော်ကို ပြောကြားခဲ့သည်ဟု Wall Street Journal က ဖော်ပြသည်။ အမေရိကန်နှင့် အစ္စရေးတို့က စစ်ပွဲစတင်ချိန်က Trump သည် အီရန်၏ နျူကလီးယားစွမ်းရည်ကို ဖျက်ဆီးပြီး ထိုကဲ့သို့ လက်နက်များ မဖွံ့ဖြိုးနိုင်အောင် လုပ်မည်ဟု ပြောခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် အီရန်က အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်နိုင်စွမ်း ရပ်တန့်စေရန်၊ ဒေသတွင်းရှိ အစ္စရေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့များကို အထောက်အပံ့ပေးခြင်း ရပ်စဲစေရန်နှင့် theocratic အုပ်ချုပ်ရေးစနစ်ကို အီရန်ပြည်သူများက ဖြုတ်ချနိုင်စေရန်လည်း ရည်ရွယ်ခဲ့သော်လည်း သဘောတူညီချက်ချုပ်ဆိုချိန်အထိ ထိုရည်မှန်းချက်များ တစ်ခုမျှ မပြည့်မီသေးကြောင်း ဖော်ပြသည်။
အီရန်ဘက်ကလည်း နျူကလီးယားလက်နက် ရရှိရန် သို့မဟုတ် ဖွံ့ဖြိုးရန် မရည်ရွယ်ကြောင်း နှစ်ရှည်လများ အခိုင်အမာ ပြောဆိုလာသည့် သဘောထားကို ထပ်မံအတည်ပြုပြီး အဆင့်မြင့် ယူရေနီယမ် သိုလှောင်မှုကို နေရာတွင်ပင် “down blending” လုပ်ဆောင်ရန်၊ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် IAEA (အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ) ၏ စစ်ဆေးမှုကို လက်ခံရန် သဘောတူခဲ့သည်။ သို့သော် အမေရိကန်က ပစ္စည်းများကို နိုင်ငံအတွင်းမှ ဖယ်ရှားလိုသည်ဆိုသည့် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။
အမေရိကန်အရာရှိများကမူ ဆွေးနွေးပွဲများမှ အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် ခိုင်မာသော သဘောတူညီချက်တစ်ခု ထွက်ပေါ်လာနိုင်သေးကြောင်း ပြောဆိုပြီး၊ သမ္မတ Trump က ပထမသက်တမ်းအတွင်း ဖျက်သိမ်းခဲ့သည့် 2015 ခုနှစ် အီရန်-အမေရိကန်နှင့် အခြားနိုင်ငံများ သဘောတူညီချက်ထက် ပိုမိုကောင်းမွန်သည့် သဘောတူညီချက်တစ်ခု ရရှိလိုနေကြောင်း ဆိုသည်။ သို့သော် ဝေဖန်သူများကတော့ အီရန်သည် အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ပြခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ကြောင်း ပြသခဲ့သလို ဘဏ္ဍာရေးပိတ်ဆို့မှုဆိုင်ရာ ကင်းလွတ်ခွင့်များလည်း ရရှိထားသဖြင့် ယခုအခြေအနေတွင် ပိုမိုအားသာနေသည်ဟု ဆိုကြသည်။
အီရန်ကလည်း မဟာဗျူဟာမြောက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို အိုမန်နှင့် ပူးတွဲထိန်းချုပ်မည်ဖြစ်ကြောင်း၊ စစ်ပွဲမတိုင်မီက မရှိခဲ့သည့် သင်္ဘောဝန်ဆောင်ခကို ကောက်ခံမည်ဖြစ်ကြောင်း ပြောထားသော်လည်း ၆၀ ရက် ဆွေးနွေးကာလအတွင်းတော့ မကောက်ခံမည်ဟု ဆိုသည်။ ရေလက်ကြား ပြန်လည်ဖွင့်လှစ်သည့်အတွက် သင်္ဘောများ ပြန်လည် ဖြတ်သန်းလာခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် ထောက်ပံ့မှု၏ လေးပုံတစ်ပုံခန့်ကို သယ်ဆောင်ခဲ့ဖူးသည့် လမ်းကြောင်းတွင် ပမာဏပိုများလာနိုင်သဖြင့် သောကြာနေ့တွင် ရေနံဈေးများ ကျဆင်းခဲ့သည်။
လက်ဘနွန်တွင် စစ်ပွဲကြောင့် လူ တစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး သောကြာနေ့က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအသစ်များကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန NNA က ဖော်ပြသည်။ အစ္စရေးကတော့ ထိုတိုက်ခိုက်မှုများသည် Hezbollah ပစ်မှတ်များကို ဦးတည်ခဲ့သည်ဟု ဆိုသည်။ ယင်းအချက်က Trump သည် ယခုအခါ အဆုံးသတ်မည်ဟု ကတိပြုထားသည့် စစ်ရေးမဟာမိတ် အစ္စရေးကို မည်မျှအထိ ဖိအားပေးနိုင်မည်ဆိုသည့် မေးခွန်းကို ပိုမိုမြှင့်တင်စေခဲ့သည်။
သဘောတူညီချက်တွင် လက်ဘနွန်စစ်ပွဲကို “အမြဲတမ်း အဆုံးသတ်” ရမည်ဟု ဖော်ပြထားသော်လည်း အစ္စရေးကတော့ ပြန်လည်ဆုတ်ခွာရန် ရည်ရွယ်ချက် မရှိကြောင်း ပြောပြီး ထိန်းချုပ်နယ်မြေကို တိုးချဲ့ထားသည့် မြေပုံအသစ်တစ်ခုကိုလည်း ထုတ်ပြန်ထားသည်။ ထိုအခြေအနေကြောင့် Trump သည် လက်ဘနွန်တွင် အစ္စရေး၏ စစ်ဆင်ရေးများကို ယခင်ထက် ပိုမိုတင်းတင်းကျပ်ကျပ် ဝေဖန်လာပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်အတော်ကြာအတွင်း အကြီးဆုံး အက်ကွဲမှုတစ်ခု ပေါ်ပေါက်လာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။