ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယား၏ တန် ၅,၀၀၀ ဖျက်သင်္ဘော တတိယစင်း တည်ဆောက်မှု အရှိန်မြှင့်နေ

ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားသည် တန် ၅,၀၀၀ အရွယ် ချွေဟွန် (Choe Hyun) အမျိုးအစား ဖျက်သင်္ဘော တတိယစင်းကို အရှိန်မြှင့် တည်ဆောက်နေသည့် လက္ခဏာများ တွေ့ရကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။
ပြည်သူ့အာဏာပါတီမှ လွှတ်တော်အမတ် ယူယုံးဝန် (Yoo Yong-won) က အမေရိကန်အခြေစိုက် ဂြိုဟ်တု ထောက်လှမ်းရေးကုမ္ပဏီ Vantor ၏ မတ် ၁၂ ရက်မှ ၂၈ ရက်အထိ ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး မြောက်ကိုရီးယား အနောက်ဘက် ဆိပ်ကမ်းမြို့ နမ်ဖို (Nampho) ရှိ သင်္ဘောကျင်းတွင် တတိယမြောက် ဖျက်သင်္ဘောအနီး၌ ကြီးမားသည့် ကရိန်းများနှင့် ကရိန်းတင်သင်္ဘောများ လည်ပတ်နေသည်ကို တွေ့ရကြောင်း ပြောဆိုသည်။
ယူအမတ်၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် အဆိုပါသင်္ဘောကို ဆောက်လုပ်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ကြီးမားသည့် အပိုင်းအစများ၊ ရေဒါစနစ်များနှင့် လက်နက်စနစ်များကဲ့သို့သော အပေါ်ပိုင်း တည်ဆောက်ပုံများကို တပ်ဆင်ရန် ကြီးမားသည့် ကရိန်းများကို အသုံးပြုနေဟန်ရှိသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် အာဏာရပါတီ တည်ထောင်သည့် အထိမ်းအမှတ်နေ့ဖြစ်သော အောက်တိုဘာ ၁၀ ရက် မတိုင်မီ ၅,၀၀၀ တန်အရွယ် ဘက်စုံသုံး ဖျက်သင်္ဘောတစ်စင်း ထပ်မံတည်ဆောက်ရန် အမိန့်ပေးထားပြီး ယမန်နှစ်ကလည်း ထိုအမျိုးအစား စစ်သင်္ဘော ၂ စင်းကို ရေချခဲ့သည်။
ဂြိုဟ်တုဓာတ်ပုံများတွင် ယမန်နှစ် ဧပြီလက ရေချခဲ့သည့် ပထမဆုံး ချွေဟွန်အမျိုးအစား ဖျက်သင်္ဘောအား လုပ်ငန်းလည်ပတ်မှုအတွက် ပြင်ဆင်နေသည့် လက္ခဏာများလည်း တွေ့ရကြောင်း သိရသည်။ အဆိုပါသင်္ဘော၏ အင်ဂျင် လည်ပတ်နေသည့် အခြေအနေကြောင့် ပဲ့ထွက်ပေါက်မှ မီးခိုးငွေ့များ ထွက်နေသည်ကို မြင်တွေ့ရပြီး ကရိန်းရွှေ့ပြောင်းမှုများကြောင့် လက်နက်အပိုတပ်ဆင်မှုများ ပြုလုပ်ထားနိုင်ကြောင်းလည်း ညွှန်ပြနေသည်။
“ရုရှားဘက်မှ စစ်ရေးနည်းပညာ အကူအညီ ရရှိထားခြင်းကို အခြေခံပြီး မြောက်ကိုရီးယားသည် ရေတပ်ကို အရှိန်မြှင့် ခေတ်မီအောင် ပြုပြင်နေသည့် လက္ခဏာများ တွေ့ရသည်” ဟု ယူယုံးဝန်က ပြောကြားခဲ့သည်။