ကိုရီးယားနိုင်ငံတွင် ဗီဇာနှင့် လူဝင်မှုမူဝါဒ ပြုပြင်ပြောင်းလဲမှု ၁ နှစ်ပြည့်

ကိုရီးယားနိုင်ငံသည် လူဦးရေကျဆင်းမှုကြောင့် နည်းပညာစက်ရုံများနှင့် ကျေးလက်လယ်ယာလုပ်ငန်းများ ထိခိုက်လာနေသည့် အခြေအနေကို ရင်ဆိုင်ရင်း လွန်ခဲ့သည့် ၁ နှစ်အတွင်း လူဝင်မှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲခဲ့သည်။ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအရ အစိုးရသည် နိုင်ငံခြားလုပ်သားများကို အမြဲတမ်းနေထိုင်ခွင့်လမ်းကြောင်းသို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်ရေးကို အဓိကမူဝါဒတစ်ရပ်အဖြစ် သတ်မှတ်လာကြောင်း ဖော်ပြထားသည်။
အဆိုပါ ပြုပြင်ပြောင်းလဲမှုများအရ အဆင့်မြင့်နည်းပညာကျွမ်းကျင်သူများကို ဆွဲဆောင်ရန် “Top-Tier Visa” ကို တိုးချဲ့ခဲ့ပြီး နိုင်ငံခြားတက္ကသိုလ်ပါမောက္ခများနှင့် သိပ္ပံနည်းပညာ သုတေသီများကိုလည်း ထည့်သွင်းခဲ့သည်။ ယခင်က အဆိုပါဗီဇာကို semiconductor၊ artificial intelligence နှင့် electric vehicle battery အပါအဝင် မဟာဗျူဟာကဏ္ဍ ၈ ခုရှိ ကုမ္ပဏီဝန်ထမ်းများအတွက်သာ ကန့်သတ်ထားခဲ့သည်။ ထို့အပြင် “K-STAR” ဗီဇာအသစ်ဖြင့် ပြည်တွင်းတက္ကသိုလ် ၃၂ ခုမှ သိပ္ပံဘွဲ့ရ နိုင်ငံခြားကျောင်းသားများအား အမြန်အမြဲတမ်းနေထိုင်ခွင့်ရရှိနိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးထားသည်။ အလယ်အလတ်အဆင့် နည်းပညာလုပ်သားများအတွက် “K-CORE” ဗီဇာကိုလည်း ချမှတ်ထားပြီး ကိုရီးယား community college ဘွဲ့ရ နိုင်ငံခြားသား ၈၀၀ ဦးအထိကို နှစ်စဉ် အလုပ်သမားလိုအပ်ချက် ပြင်းထန်နေသည့် အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများထဲသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကိုရီးယားအစိုးရသည် လယ်ယာနှင့် ရေလုပ်ငန်းများအတွက်လည်း စံချိန်တင် အလုပ်သမားခွဲတမ်း ၁၀၉,၁၀၀ ကို ယခုနှစ်အတွင်း ခွဲဝေထားသည်။ ယင်းသည် ဒေသန္တရအစိုးရ ၁၄၂ ခုတွင် ဖြစ်ပေါ်နေသည့် လုပ်သားအင်အား ပြတ်လပ်မှုကို ဖြေရှင်းရန်နှင့် သီးနှံများ လယ်ကွင်းထဲတွင် ပျက်စီးမသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လုပ်သားပေးပို့ရေး အလယ်အလတ်အကျိုးအမြတ်စား ပွဲစားများကို တိုက်ဖျက်ရန်အတွက်လည်း အစိုးရက ဒေသဆိုင်ရာ အလုပ်အခြေအနေများကို ကြီးကြပ်မည့် ဗဟိုစီမံခန့်ခွဲရေးအဖွဲ့တစ်ခုကို သတ်မှတ်ခဲ့သည်။ ထို့အပြင် တရားဥပဒေစိုးမိုးရေးဘက်တွင် နိုင်ငံခြား မူလနေထိုင်ခွင့်မရှိသူ delivery rider များကို လေးလကြာ စစ်ဆင်ရေးအတွင်း ၆၂၈ ဦး ဖမ်းဆီးခဲ့ပြီး လက်ရှိ ဧပြီလအထိ စုစုပေါင်း ဥပဒေမဲ့နေထိုင်သူအရေအတွက်ကို လွန်ခဲ့သည့်နှစ်က ခန့်မှန်း ၄၃၀,၀၀၀ ဦးမှ ၃၄၀,၀၀၀ ဦးသို့ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “ကိုရီးယားပြည်သူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ နှစ်ဖက်လုံးအတွက် အကျိုးရှိမယ့် လူဝင်မှုမူဝါဒ ဖြစ်စေချင်တယ်” ဟု ပြောကြားခဲ့သည်။