
အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုများကို “ပိုမိုတိုးချဲ့ပြီး ကျယ်ပြန့်လာမည်” ဟု သောကြာနေ့တွင် သတိပေးခဲ့သည်။ တစ်ဖက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများ တိုးတက်နေကြောင်း ပြောဆိုခဲ့ပြီး၊ အီရန်ဘက်ကလည်း မကြောက်ရွံ့ဘဲ လက်မလျှော့သည့် သဘောထားကို ဆက်လက်ပြသနေသည်။
အရှေ့အလယ်ပိုင်းဒေသပြင်ပအထိ စီးပွားရေးထိခိုက်မှုများ ဆက်လက်တိုးလာနေချိန်တွင် ပင်လယ်ကွေ့ရေကြောင်းသွားလာရေး၏ အရေးကြီးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် အီရန်အပေါ် ဖိအားများ မြင့်တက်လာနေသည်။ အီရန်က အမေရိကန်၏ ၁၅ ချက်ပါ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပယ်ချထားပြီး၊ တစ်ချိန်တည်းတွင် အမေရိကန်ဘက်က ဒေသတွင်းသို့ စစ်အင်အား ထောင်ချီ ထပ်မံစေလွှတ်ထားကြောင်း သိရသည်။
အစ္စရေးသည် ဗဟိုပြုတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး အီရန်၏ လက်နက်ထုတ်လုပ်ရေး စက်ရုံများနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ထားကြောင်း ပြောဆိုသည်။ သောကြာနေ့တွင် တီဟီရန်မြို့အလယ်ပိုင်းရှိ ဘာလစ္စတစ်ဒုံးနှင့် အခြားလက်နက်များ ထုတ်လုပ်ရာနေရာများကို တိုက်ခိုက်ခဲ့သလို၊ အီရန်အနောက်ပိုင်းရှိ ဒုံးပစ်စနစ်နှင့် လက်နက်သိုလှောင်ရုံများကိုလည်း ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ ထိုအတောအတွင်း ဟော်မုဇ်ရေလက်ကြားအငြင်းပွားမှုကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တောင် လှုပ်ခတ်ခဲ့ပြီး ရေနံဈေးများ မြင့်တက်ကာ အာရှနှင့် အမေရိကန် ရှယ်ယာဈေးကွက်များလည်း ကျဆင်းခဲ့သည်။
ထရမ့်က အီရန်သည် ဧပြီ ၆ ရက် မတိုင်မီ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်မပေးပါက အီရန်၏ စွမ်းအင်စက်ရုံများကို ဖျက်ဆီးရန် အမိန့်ပေးမည်ဟု ပြောကြားထားပြီး၊ ဆွေးနွေးမှုများမှာလည်း “အလွန်ကောင်းမွန်နေသည်” ဟု ကြာသပတေးနေ့တွင် ဆိုခဲ့သည်။ သို့သော် အီရန်ဘက်ကမူ မည်သည့်ညှိနှိုင်းဆွေးနွေးမှုတွင်မျှ ပါဝင်နေခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။
အစ္စရေးအတွင်း၌လည်း လေကြောင်းတိုက်ခိုက်ရေး သတိပေးစက်သံများ ဆက်တိုက်မြည်နေပြီး အီရန်ဒုံးကျည်များကို နေ့စဉ်ကြားဖြတ်ဖျက်ဆီးနေကြောင်း စစ်တပ်က ဆိုသည်။ ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က “အီရန်သည် ဒီစစ်ရာဇဝတ်မှုအတွက် တဖြည်းဖြည်း မြင့်တက်လာမယ့် အလွန်ကြီးမားတဲ့ အခွန်ကို ပေးဆပ်ရမယ်” ဟု ပြောကြားခဲ့ပြီး၊ “သတိပေးချက်တွေ ရှိနေသော်လည်း ပစ်ခတ်မှုတွေ မရပ်သေးတာကြောင့် အီရန်အပေါ် တိုက်ခိုက်မှုတွေကို ပိုမိုတိုးချဲ့ပြီး အီရန်အစိုးရအတွက် လက်နက်ထုတ်လုပ်ရေးနဲ့ လည်ပတ်ရေးကို ကူညီနေတဲ့ နေရာဒေသတွေအထိ ချဲ့ထွင်မယ်” ဟု ပြောဆိုခဲ့သည်။
သောကြာနေ့က တိုက်ခိုက်မှုများသည် တီဟီရန်မြို့အတွင်းရှိ နေရာများကို တိုက်ရိုက် ပစ်မှတ်ထားခဲ့ပြီး အနောက်အီရန်ရှိ ဒုံးလောင်ချာများနှင့် သိုလှောင်ရုံများကိုလည်း ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထပ်မံပြောကြားသည်။ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးတွင် မနက်မိုးမလင်းမီ တိုက်ခိုက်မှုကြောင့် မီးခိုးများ ထူထပ်စွာ ထွက်ပေါ်ခဲ့ပြီး လေဗနွန် ကျန်းမာရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တစ်ဖက်တွင် အီရန်က ပင်လယ်ကွေ့အာရပ်နိုင်ငံများဘက်သို့ ဒုံးကျည်များနှင့် ဒရုန်းများ ပစ်လွှတ်ခဲ့ရာ ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနက ရီယာဒ်မြို့ကို ဦးတည်လာသည့် ဒုံးကျည်နှင့် ဒရုန်းများကို ပစ်ချခဲ့ကြောင်း ပြောသည်။ ကူဝိတ်ကလည်း ကူဝိတ်စီးတီးရှိ Shuwaikh ဆိပ်ကမ်းနှင့် တရုတ်၏ “Belt and Road” စီမံကိန်းအောက်တွင် တည်ဆောက်နေသည့် Mubarak Al Kabeer ဆိပ်ကမ်းတို့၌ ပစ္စည်းပျက်စီးမှု ရှိခဲ့ကြောင်း ဆိုသည်။ အဆိုပါဖြစ်ရပ်သည် အာရပ်ပင်လယ်ကွေ့ဒေသအတွင်းရှိ တရုတ်ဆက်စပ် စီမံကိန်းတစ်ခု ပထမဆုံးအကြိမ် ထိမှန်ခံရသည့် ဖြစ်ရပ်တစ်ခုအဖြစ်လည်း သတ်မှတ်နိုင်ပြီး တရုတ်ကတော့ အီရန်ရေနံစိမ်းကို ဆက်လက် ဝယ်ယူနေဆဲ ဖြစ်သည်။
အမေရိကန်ဈေးကွက်များတွင် သောကြာနေ့ အဖွင့်အချိန်မှစ၍ ရှယ်ယာဈေးများ ကျဆင်းခဲ့ပြီး Wall Street အတွက် လေးနှစ်နီးပါးအတွင်း အရှည်ကြာဆုံး ဆက်တိုက်ကျဆင်းမှုဖြစ်သည့် ပဉ္စမမြောက် ဆက်တိုက်ဆုံးရှုံးသည့် သီတင်းပတ်ထဲသို့ ရောက်ရှိနေသည်။ S&P 500 က ၀.၄ ရာခိုင်နှုန်း၊ Dow က ၀.၆ ရာခိုင်နှုန်းနှင့် Nasdaq က ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အာရှဈေးကွက်များလည်း လျော့ကျခဲ့ပြီး Brent ရေနံဈေးမှာ တစ်စည်လျှင် ၁၀၇ ဒေါ်လာအထိ မြင့်တက်လာကာ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ပွဲ စတင်ချိန်မှစ၍ ၄၅ ရာခိုင်နှုန်းကျော် တက်လာခဲ့သည်။
အမေရိကန်ဘက်ကတော့ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေသလို ဒေသတွင်းသို့ စစ်အင်အားကိုလည်း ပိုမိုပို့ဆောင်နေသည်။ ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ်က ပါကစ္စတန်ကို ကြားခံအဖြစ် အသုံးပြုပြီး အီရန်ထံ “အရေးယူဆောင်ရွက်ရန် စာရင်း” ၁၅ ချက် ပေးပို့ထားကြောင်း ပြောကြားခဲ့ပြီး ၎င်းတွင် အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ခြင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ခြင်းတို့ ပါဝင်ကြောင်း ဆိုသည်။ အီရန်ဘက်ကမူ အမေရိကန်အဆိုပြုချက်ကို ပယ်ချထားပြီး လျော်ကြေးတောင်းဆိုမှုနှင့် ရေလက်ကြားအပေါ် ၎င်း၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုရန် ပါဝင်သည့် ၅ ချက်ပါ အစီအစဉ်တစ်ခုကို တင်ပြထားသည်။
အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဘဒ်ရ် အဗ္ဒဲလ်အာတ်တီက တူရကီနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများကို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး အမေရိကန်နှင့် အီရန်ကြား တိုက်ရိုက်တွေ့ဆုံပွဲတစ်ခု စီစဉ်နိုင်ရန် “ပြင်းထန်စွာ ကြိုးပမ်းနေကြောင်း” ပြောဆိုခဲ့သည်။ သူက တင်းမာမှုကို တဖြည်းဖြည်း လျှော့ချပြီး နောက်ဆုံးတွင် စစ်ပွဲကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်စစ်သင်္ဘောများသည် မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ ခန့်နှင့် ၈၂nd Airborne မှ လေထီးတပ်သား အနည်းဆုံး ၁,၀၀၀ ကို တင်ဆောင်ကာ ဒေသတွင်းနီးကပ်လာနေပြီး ၎င်းတို့ကို အရှေ့အလယ်ပိုင်းသို့ ပို့ဆောင်ရန် အမိန့်ထုတ်ထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း သောကြာနေ့တွင် အီရန်အခြေအနေအပေါ် တံခါးပိတ်ဆွေးနွေးမည်ဖြစ်ကြောင်း ယူအန်သံတမန် ၂ ဦးက ပြောသည်။ ရုရှားဘက်က အစည်းအဝေးတောင်းဆိုခဲ့ပြီး လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အမေရိကန်က အဆိုပါအစည်းအဝေးကို စီစဉ်ပေးခဲ့ခြင်း ျဖစ္သည်။
နော်ဝေ ဒုက္ခသည်ကောင်စီ အထွေထွေအတွင်းရေးမှူး ဂျန် အီဂလန်က အီရန်အတွင်းရှိ အဖွဲ့အစည်းများ၏ စာရင်းအရ အိမ်အများအပြား၊ ဆေးရုံများနှင့် ကျောင်းများ “မရေတွက်နိုင်အောင် ပျက်စီး သို့မဟုတ် ဖျက်ဆီးခံထားရသည်” ဟု ပြောကြားခဲ့ပြီး တီဟီရန်မြို့ရှိ ရပ်ကွက်အများစုနီးပါးလည်း ထိခိုက်ပျက်စီးထားကြောင်း ဆိုသည်။ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ကလည်း သောကြာနေ့တွင် အီရန်အတွင်းရှိ အရပ်သားအဆောက်အအုံ ၈၂,၀၀၀ ခု၊ ဆေးရုံများအပါအဝင် လူ ၁၈၀,၀၀၀ ၏ နေအိမ်များ ထိခိုက်ပျက်စီးကြောင်း ပြောကြားခဲ့သည်။ စစ်ပွဲ ဆက်လက်ဖြစ်ပွားပါက နယ်စပ်ကျော် ထွက်ပြေးရနိုင်သူ သန်းပေါင်းများစွာ ပေါ်ပေါက်လာနိုင်ပြီး ဒေသတစ်ခုလုံးအပေါ် ကြီးမားသည့် လူသားချင်းစာနာရေး အကျပ်အတည်းသို့ ဦးတည်နိုင်ကြောင်း အီဂလန်က သတိပေးခဲ့သည်။
အစ္စရေးစစ်တပ်ကလည်း ဟက်ဇ်ဘိုလာလှုပ်ရှားမှုကို နှိမ်နင်းရန်နှင့် မြောက်ပိုင်း နယ်စပ်မြို့များကို ကာကွယ်ရန်အတွက် ၁၆၂nd Division ကို လေဗနွန်တောင်ပိုင်းသို့ စေလွှတ်ထားကြောင်း ပြောသည်။
လက်ရှိ သေဆုံးမှုစာရင်းအရ အစ္စရေးတွင် လူ ၁၈ ဦး သေဆုံးထားပြီး လေဗနွန်တွင် အစ္စရေးစစ်သား ၄ ဦး သေဆုံးထားသည်။ သောကြာနေ့က လေဗနွန်တွင် စစ်ဆင်ရေးဆိုင်ရာ မတော်တဆမှုတစ်ခုကြောင့် အစ္စရေးစစ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းလည်း စစ်တပ်က ဆိုသည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ လေဗနွန်တွင် ၁,၁၀၀ ကျော်၊ အီရန်တွင် ၁,၉၀၀ ကျော် သေဆုံးထားပြီးဖြစ်သည်။ ထို့အပြင် အမေရိကန်စစ်သား ၁၃ ဦး၊ အနောက်ဘက်ကမ်းခြေ သိမ်းပိုက်နယ်မြေရှိ လူ ၄ ဦးနှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံများတွင် ၂၀ ဦး သေဆုံးထားကြောင်း ဖော်ပြထားသည်။ အီရတ်တွင်တော့ အီရန်ထောက်ခံသည့် ပြည်သူ့စစ်အဖွဲ့များ ပါဝင်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ဦး သေဆုံးခဲ့သည်။