
‘Parasite’ ရုပ်ရှင်ဒါရိုက်တာ ဘုံဂျွန်ဟိုသည် ၎င်း၏ ပထမဆုံး အရှည်လျား အန်နီမေးရှင်းရုပ်ရှင် ‘Ally’ ကို ထုတ်လုပ်မည်ဖြစ်ကြောင်း CJ ENM က သောကြာနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ရုံတင်ရက်ကို မသတ်မှတ်ရသေးသော်လည်း CJ ENM အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက ပူးပေါင်းထောက်ပံ့ကာ ဖြန့်ချိသွားမည်ဟု သိရသည်။
အဆိုပါဇာတ်လမ်းသည် လူသားများနှင့် ရေပေါ်ကမ္ဘာကို စိတ်ဝင်စားနေသည့် နက်ရှိုင်းသော ပင်လယ်သတ္တဝါများကို ဗဟိုပြုထားပြီး အဓိကဇာတ်ကောင်မှာ ပင်လယ်ရေအနက်ပိုင်းတွင် နေထိုင်သည့် Ally အမည်ရှိ ရေဘဝဲတစ်ကောင်ဖြစ်သည်။ လေယာဉ်တစ်စီး ပင်လယ်ထဲသို့ ကျရောက်နစ်မြုပ်သွားပြီးနောက် Ally နှင့် ၎င်း၏ မိတ်ဆွေများသည် မမျှော်လင့်ထားသည့် ခရီးစဉ်တစ်ခုကို စတင်ရမည်ဖြစ်သည်။ 2023 ခုနှစ် ထူးဆန်းမှု-ထိတ်လန့်ဇာတ်ကား ‘Sleep’ ၏ ဒါရိုက်တာ Jason Yu ကလည်း ဇာတ်ညွှန်းရေးသားမှုတွင် ပါဝင်ထားသည်။ ဘုံဂျွန်ဟိုသည် ၂၀၁၈ ခုနှစ်ကတည်းက ယင်းအန်နီမေးရှင်းပရောဂျက်ကို လုပ်ဆောင်လာခဲ့ပြီး ထုတ်လုပ်မှုကို လာမည့်နှစ် ပထမနှစ်ဝက်အတွင်း အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ‘Ally’ သည် 2025 ခုနှစ် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် ‘Mickey 17’ အပြီး ဘုံဂျွန်ဟို၏ နောက်ထပ်လက်ရာလည်း ဖြစ်လာမည်ဖြစ်သည်။