
NASA သည် အင်္ဂါနေ့ ညနေတွင် အာကာသယာဉ်မှူး ၄ ဦးကို လပတ်လမ်းကြောင်းသို့ ၁၀ ရက်ကြာ စေလွှတ်ရန် နောက်ဆုံးပြင်ဆင်နေပြီး ယင်းမစ်ရှင်သည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ အကြီးမားဆုံး အာကာသမစ်ရှင်များထဲမှ တစ်ခု ဖြစ်လာမည်ဖြစ်သည်။ Artemis II မစ်ရှင်သည် လူသားများကို လမျက်နှာပြင်သို့ ပြန်လည်ပို့ဆောင်ရန် မူလလမ်းကြောင်းပေါ် ရောက်နေကြောင်း ပြသမည့် အရေးကြီးသောခြေလှမ်းလည်း ဖြစ်သည်။
Reuters ၏ ဖော်ပြချက်အရ NASA မစ်ရှင်တာဝန်ခံများက Artemis II အတွက် ၃၂၂ ပေ (၉၈ မီတာ) ရှည်လျားသည့် Space Launch System (SLS) ရော့ကက်နှင့် Orion အာကာသယာဉ်ကို ဗုဒ္ဓဟူးနေ့ အရှေ့ပိုင်းအမေရိကန်စံတော်ချိန် ညနေ ၆ နာရီ ၂၄ မိနစ် (GMT 2224) တွင် လွှတ်တင်ရန် “go” ဟု တရားဝင်အတည်ပြုထားသည်။ အဆိုပါလွှတ်တင်မှုကို ဖလော်ရီဒါပြည်နယ်ရှိ NASA ၏ Kennedy Space Center မှ ဆောင်ရွက်မည်ဖြစ်ပြီး ယခင် Apollo စီမံကိန်းအောက်မှ နောက်ဆုံး လသွား အာကာသယာဉ်မှူးများ ထွက်ခွာခဲ့သည့်နေရာနှင့် ပြေးလမ်းတစ်ခုသာ ကွာဝေးသည်။
Artemis II အဖွဲ့တွင် NASA အာကာသယာဉ်မှူးများဖြစ်ကြသည့် Christina Koch၊ Victor Glover နှင့် Reid Wiseman တို့နှင့် ကနေဒါနိုင်ငံမှ Jeremy Hansen တို့ ပါဝင်သည်။ ၎င်းတို့သည် ဟူစတန်မြို့မှ ဖလော်ရီဒါသို့ သောကြာနေ့က ရောက်ရှိလာပြီး လွှတ်တင်မီ နှစ်ပတ်ကြာ quarantine အတွင်း နေထိုင်ခဲ့ကြသည်။ လွှတ်တင်မည့်နေ့ မတိုင်မီ ၉ နာရီခန့်အလိုတွင် အိပ်ရာမှနိုးကာ မနက်စာသုံးဆောင်ခြင်း၊ ရာသီဥတုအခြေအနေ ရှင်းလင်းချက် ကြားနာခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် နေ့လယ် ၂ နာရီတွင် launch pad သို့ သွားရောက်မည်ဖြစ်သည်။
NASA က ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် SLS ရော့ကက်၏ core stage ထဲသို့ အအေးလွန် propellant ၇၃၃,၀၀၀ ဂါလံ ဖြည့်သွင်းခဲ့ပြီး ယင်းက RS-25 အင်ဂျင် ၄ လုံးကို လည်ပတ်စေမည်ဖြစ်သည်။ Aerojet Rocketdyne က တည်ဆောက်သည့် အဆိုပါအင်ဂျင်များသည် NASA ၏ Space Shuttle ကိုလည်း ဆယ်စုနှစ်များစွာ မောင်းနှင်ပေးခဲ့ဖူးသည်။ Assistant Launch Director Jeremy Graeber က လောင်စာဖြည့်သွင်းမှု အခြေအနေမှာ “အခုအချိန်မှာ အားလုံး အလွန်ကောင်းမွန်နေသည်” ဟု ဆိုသည်။
ရာသီဥတုအခြေအနေများလည်း လွှတ်တင်ရန် သင့်တော်နေပြီး NASA ၏ နှစ်နာရီကြာ လွှတ်တင်ခွင့်ပြတင်းပေါက်အတွင်း အခြေအနေဆိုးလာနိုင်ခြေမှာ ၂၀ ရာခိုင်နှုန်းသာ ရှိသည်။ အကယ်၍ ရာသီဥတုမကောင်း၍ လွှတ်တင်မှုကို ရပ်ဆိုင်းရပါက NASA သည် သောကြာနေ့ အစောပိုင်းတွင် ပြန်လည်ကြိုးပမ်းနိုင်ပြီး ဧပြီ ၆ ရက်အထိ အခွင့်အရေးရှိမည်ဖြစ်သည်။ ထို့နောက် နောက်တစ်ကြိမ် အခွင့်အရေးအတွက် ဧပြီ ၃၀ ရက်အထိ စောင့်ရမည်ဖြစ်သည်။ Launch Director Charlie Blackwell-Thompson ကလည်း “လက်ရှိ လက္ခဏာအားလုံးအရ ကျွန်ုပ်တို့သည် count-down အဆင့်သို့ ဝင်ရောက်ရာတွင် အလွန်ကောင်းမွန်သည့် အနေအထားတွင် ရှိနေသည်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
မူလက ဤလွှတ်တင်မှုကို ဖေဖော်ဝါရီ ၆ ရက်အဖြစ် သတ်မှတ်ထားပြီးနောက် မတ် ၆ ရက်သို့ ရွှေ့ဆိုင်းခဲ့သော်လည်း ဟိုက်ဒရိုဂျင်ယိုစိမ့်မှုတစ်ခုကြောင့် NASA က ရော့ကက်ကို Vehicle Assembly Building သို့ ပြန်လည်သယ်ဆောင်၍ စစ်ဆေးခဲ့ရသည်။
သမိုင်းတလျှောက် အဝေးဆုံးခရီး
Artemis II မစ်ရှင်သည် အာကာသယာဉ်မှူးများကို လပတ်ပတ်လည်နှင့် ပြန်လာရန် နီးပါး ၁၀ ရက်ကြာ ခရီးစဉ်သို့ ပို့ဆောင်မည်ဖြစ်ပြီး ၄၀၆,၀၀၀ ကီလိုမီတာ (၂၅၂,၀၀၀ မိုင်) အကွာအဝေးအထိ ရောက်ရှိမည်ဖြစ်ကာ လူသားများ သွားရောက်ဖူးသမျှ အဝေးဆုံးခရီးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ယခုအချိန်ထိ အဝေးဆုံး အာကာသခရီးအဖြစ် စံချိန်တင်ထားသည်မှာ ၁၉၇၀ ခုနှစ် Apollo 13 မစ်ရှင်၏ အာကာသယာဉ်မှူး ၃ ဦး၏ ခရီးဖြစ်ပြီး ခန့်မှန်းအားဖြင့် ၂၄၈,၀၀၀ မိုင်အထိ ရောက်ရှိခဲ့သည်။ ထိုမစ်ရှင်မှာ အောက်ဆီဂျင်တန်ကီ ပေါက်ကွဲမှုကြောင့် နည်းပညာဆိုင်ရာပြဿနာများ ကြုံတွေ့ခဲ့ပြီး လပေါ်မဆင်းနိုင်ခဲ့ပေ။
လူသားများသည် ၁၉၇၂ ခုနှစ် နောက်ဆုံး Apollo မစ်ရှင်ပြီးနောက် ကမ္ဘာမြေ၏ ပတ်လမ်းကို ထပ်မံမကျော်လွန်ခဲ့ကြသေးပေ။ NASA သည် ပထမဆုံး crew မပါသော Artemis မစ်ရှင်ကို ၂၀၂၂ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး Orion အာကာသယာဉ်ကို လပတ်လမ်းကြောင်းတစ်လျှောက် ပတ်၍ ပြန်လာသည့် လမ်းကြောင်းအတိုင်း စမ်းသပ်ပျံသန်းစေခဲ့သည်။
Artemis II သည် Orion နှင့် SLS ရော့ကက်တို့၏ စွမ်းဆောင်ရည်ကို ပိုမိုပြင်းထန်စွာ စမ်းသပ်မည်ဖြစ်သည်။ အာကာသယာဉ်မှူးများသည် အသက်ရှင်နေထိုင်ရေးအတွက် အရေးကြီးသော life-support စနစ်များ၊ crew interface များနှင့် ဆက်သွယ်ရေးစနစ်များကို စမ်းသပ်မည်ဖြစ်သည်။ ထို့ပြင် လွှတ်တင်ပြီး ခန့်မှန်း ၃ နာရီအကြာတွင် Orion ကို ကိုယ်တိုင်လက်ဖြင့် ထိန်းချုပ်မောင်းနှင်ကာ steering နှင့် maneuverability ကို စမ်းသပ်မည်ဖြစ်ပြီး ယင်းသည် automated systems မအောင်မြင်သည့်အခါ အရေးပါမည့် စွမ်းဆောင်ရည်တစ်ခုဖြစ်သည်။
Lockheed Martin က Orion ကို ထုတ်လုပ်ပြီး Boeing နှင့် Northrop Grumman တို့က ၂၀၁၀ ခုနှစ်ကတည်းက SLS ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ခဲ့သည်။ ယင်းစီမံကိန်းသည် လွှတ်တင်မှုတစ်ကြိမ်လျှင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂ ဘီလျံမှ ၄ ဘီလျံအထိ မြင့်မားနေသည့်အတွက်လည်း လူသိများသည်။ Elon Musk ၏ SpaceX နှင့် Jeff Bezos ၏ Blue Origin တို့က NASA အတွက် လပေါ်ဆင်းယာဉ်များ (landers) ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြိုင်ဆိုင်နေကြသည်။
Artemis II သည် NASA ၏ ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိ Artemis စီမံကိန်းအတွက် အစောပိုင်း အရေးကြီးခြေလှမ်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းက လ၏ တောင်ဘက်ဝင်ရိုးစွန်း၌ ရေရှည်အခြေချနေထိုင်နိုင်မည့် အနာဂတ်ကို ရည်မှန်းထားသည်။ NASA သည် ၂၀၂၈ ခုနှစ်တွင် Artemis IV မစ်ရှင်ဖြင့် ၎င်း၏ ပထမဆုံး လေ့လာသူအဖွဲ့ကို အဆိုပါဒေသသို့ ဆင်းသက်စေရန် ဖိအားပြင်းပြင်းဖြင့် ကြိုးပမ်းနေပြီး တရုတ်နိုင်ငံက ၂၀၃၀ ခန့်တွင် ထိုအောင်မြင်မှုရရှိမည့် အလားအလာမီ အရင်ဆုံးရောက်ရှိလိုသည်။ Artemis III ကို မူလက NASA ၏ ပထမဆုံး လူလိုက် လဆင်းသက်မစ်ရှင်အဖြစ် သတ်မှတ်ထားသော်လည်း NASA အုပ်ချုပ်ရေးမှူးသစ် Jared Isaacman က ဖေဖော်ဝါရီလတွင် လွှတ်တင်မည့် မစ်ရှင်တစ်ခု ထပ်မံထည့်သွင်းကာ လဆင်းသက်မှုကို နောက်သို့ ရွှေ့ဆိုင်းခဲ့သည်။