
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားသည် ကိုယ်တိုင်လုံလောက်သည့် AI စနစ်တစ်ခုလုံးကို တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်း ကုန်ကျစရိတ်မြင့်မားမှုနှင့် လိုအပ်သည့် အတိုင်းအတာကြောင့် “AI အချုပ်အခြာအာဏာ” ထက် “AI ဆွယ်ခံနိုင်စွမ်း” ကို ဦးစားပေးခြင်းက ပိုမိုလက်တွေ့ကျကြောင်း Boston Consulting Group (BCG) က ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယား၏ “AI voucher” အစီအစဉ်ကိုလည်း ယင်းနည်းလမ်း၏ အောင်မြင်သည့် နမူနာအဖြစ် ထောက်ပြထားသည်။
BCG ၏ အဆိုအရ AI တန်ဖိုးကွင်းဆက်တစ်လျှောက် လုံးဝကိုယ်ပိုင်လုံလောက်မှုရရှိရန် ကြိုးပမ်းမှုများ—ဥပမာ သြစတြေးလျနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍ၏ “national” large language model တည်ဆောက်ရေးနှင့် အိန္ဒိယနိုင်ငံ၏ national GPU cluster တည်ဆောက်ရေး အစီအစဉ်များ—သည် လက်တွေ့တွင် “အိပ်မက်” တစ်ခုသဖွယ်သာ ရှိနေသေးသည်။ AI ဖွံ့ဖြိုးတိုးတက်မှုသည် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားခြင်း၊ ကွန်ပျူတင်းပါဝါ ရရှိနိုင်ခြင်း၊ ဟာ့ဒ်ဝဲ ထုတ်လုပ်နိုင်စွမ်းနှင့် ရှုပ်ထွေးသည့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များအပေါ် အလွန်အမင်း မူတည်နေကြောင်းလည်း BCG က သတိပြုဖော်ပြထားသည်။
ဥပမာအားဖြင့် အိန္ဒိယအစိုးရ ဦးဆောင်သည့် IndiaAI အစီအစဉ်က GPU အလုံးရေ 62,000 ခန့် ရရှိထားသော်လည်း Microsoft တစ်ခုတည်းကပင် 2024 ခုနှစ်အတွင်း GPU 485,000 ခန့် ဝယ်ယူခဲ့သည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ နိုင်ငံအဆင့် အစီအစဉ်၏ စွမ်းရည်ထက် နီးပါး 8 ဆ ရှိနေသည်။ ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည်ဆိုသော်လည်း ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဟာ့ဒ်ဝဲ၊ ဆက်သွယ်ရေးနှင့် ဆော့ဖ်ဝဲ ထောက်ပံ့သူများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများလည်း ရှိနေဆဲဖြစ်သည်။ BCG က “သုံးစွဲသည့် ပစ္စည်းကို နိုင်ငံပိုင်သို့ ပြောင်းလဲနိုင်သော်လည်း စွမ်းရည်ကိုတော့ အပြည့်အဝ နိုင်ငံပိုင်မလုပ်နိုင်” ဟု ဆိုသည်။
BCG ၏ သုံးသပ်ချက်အရ ပိုမိုလက်တွေ့ကျသည့် လမ်းကြောင်းမှာ “AI resilience” ဖြစ်ပြီး နည်းပညာအချုပ်အခြာအာဏာကို အပြည့်အဝ လိုက်စားခြင်းထက် မိမိနိုင်ငံအတွင်း လုပ်ငန်းကဏ္ဍများ၌ AI ကို လိုအပ်သလို အသုံးချနိုင်ရန်နှင့် ထိန်းကျောင်းနိုင်ရန် အားပေးခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းသုံးအဆင့်၌ အမှန်တကယ် အသုံးချမှုကို ဦးစားပေးရမည်ဟု အစီရင်ခံစာက အလေးပေး ဖော်ပြထားသည်။
တောင်ကိုရီးယား၏ AI voucher အစီအစဉ်သည် ဤနည်းလမ်း၏ အောင်မြင်သည့် နမူနာအဖြစ် တင်ပြခံရသည်။ ယင်းအစီအစဉ်အရ အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် အတည်ပြုထားသည့် vendor များထံမှ AI ဖြေရှင်းနည်းများ ဝယ်ယူနိုင်ရန် ဝမ် ၂၀ ကုဋေ (ဒေါ်လာ 140,000 ခန့်) အထိ တန်ဖိုးရှိသည့် voucher များ ရရှိပြီး လုပ်ငန်းကဏ္ဍအလိုက် ထောက်ပံ့မှုများလည်း ပါဝင်သည်။ “အကဲဖြတ်ချက်များနှင့် လုပ်ငန်းသတင်းများအရ ဤ voucher များသည် ရင်းနှီးမြှုပ်နှံမှုကို ဆိုင်းငံ့ထားသည့် လုပ်ငန်းများတွင် AI အသုံးချမှုကို မြန်ဆန်စေပြီး စွမ်းဆောင်ရည်ကို တိုးတက်စေသည်” ဟု အစီရင်ခံစာက ဆိုသည်။
တောင်ကိုရီးယားသည် ဤကဲ့သို့ လက်တွေ့ကျသည့် ecosystem တည်ဆောက်ရေး နည်းလမ်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင်လည်း သိသာသည့် ရလဒ်များ ရရှိနေသည်။ 2024 ခုနှစ်မှ 2025 ခုနှစ်အတွင်း AI ဆိုင်ရာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ 25.5 ဘီလျံကို ရရှိခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့ကို မထည့်တွက်ပါက ဥရောပသမဂ္ဂနှင့် အိန္ဒိယပြီးလျှင် ကမ္ဘာ့တတိယနေရာတွင် ရပ်တည်ခဲ့သည်။ အစီရင်ခံစာအရ AI ယှဉ်ပြိုင်နိုင်စွမ်းသည် အဆင့်မြင့်ဆုံး မော်ဒယ်ကို မည်သူက တည်ဆောက်နိုင်သည်ဆိုသည့် အချက်ထက် ထိုနည်းပညာကို လက်တွေ့ကမ္ဘာတွင် မည်မျှမြန်မြန်နှင့် ထိရောက်စွာ အသုံးချနိုင်သည်ဆိုသည့် အချက်ပေါ်တွင် ပိုမိုမူတည်လာနိုင်သည်။