My

Sum Air က ATR တာဘိုပရော့ပ်လေယာဉ် ဒုတိယစင်း ထပ်မံဝယ်ယူမည်

တောင်ကိုရီးယား မိုဘိုင်းပလက်ဖောင်း စတင်တည်ထောင်သည့် ကုမ္ပဏီ Mobility As a Freedom (MAAF) ၏ လက်အောက်ခံ Sum Air Co. က ဥရောပလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ ATR ထံမှ တာဘိုပရော့ပ်လေယာဉ် ဒုတိယစင်းကို ထပ်မံဝယ်ယူမည်ဟု ကြေညာခဲ့သည်။ အဆိုပါလေယာဉ်ကို အဓိကလေကြောင်းလိုင်းများ ဝန်ဆောင်မှုမလုံလောက်သည့် ကျွန်းဒေသများနှင့် ချိတ်ဆက်မှု တိုးချဲ့ရန် အသုံးပြုမည်ဖြစ်သည်။

ကုမ္ပဏီသည် ဆိုးလ်မြို့တွင် ATR နှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ပြီး ATR 72-600 အမျိုးအစား ဒုတိယစင်းကို မိတ်ဆက်မည်ဟု ပြောကြားခဲ့သည်။ ထိုလေယာဉ်ကို ကိုရီးယားအရှေ့ဘက် ကမ်းရိုးတန်းအနီးရှိ Ulleung ကျွန်း၊ အနောက်ဘက် ပင်လယ်နယ်စပ်အနီးရှိ Baengnyeong ကျွန်းနှင့် နိုင်ငံအနောက်တောင်ဘက် ကမ်းရိုးတန်းရှိ Heuksan ကျွန်းများသို့ ပြေးဆွဲမည့် လမ်းကြောင်းများအတွက် အသုံးပြုရန် ရည်ရွယ်ထားသည်။ Sum Air သည် ၎င်း၏ ပထမဆုံး ATR 72-600 လေယာဉ်ကို ဇန်နဝါရီလတွင် လက်ခံရရှိခဲ့ပြီး မတ်လတွင် Gimpo-Sacheon လမ်းကြောင်း၌ စတင်ပြေးဆွဲခဲ့သည်။ Sacheon သည် တောင်ကိုရီးယား၏ တစ်ခုတည်းသော လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Korea Aerospace Industries (KAI) ၏ အခြေစိုက်ရာ မြို့ဖြစ်သည်။ ATR 72-600 သည် ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး တာဘိုပရော့ပ်လေယာဉ်တစ်စင်းအဖြစ်လည်း သိရှိရသည်။

ATR ၏ အမှုဆောင်အရာရှိချုပ် Nathalie Tarnaud Laude က အဆိုပါလေယာဉ်မှာ လောင်စာသက်သာမှုနှင့် ကုန်ကျစရိတ် ယှဉ်ပြိုင်နိုင်စွမ်းတို့ကြောင့် ခရီးသည် နည်းပါးသည့် လမ်းကြောင်းများအတွက် အထူးသင့်လျော်ပြီး ပိုမိုရေရှည်တည်တံ့သည့် လုပ်ငန်းဆောင်ရွက်မှုကိုလည်း အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယင်းလေယာဉ် ထပ်မံပါဝင်လာခြင်းက ဝေးလံခေါင်သီသည့် ဒေသများနှင့် ချိတ်ဆက်မှုကို ပိုမိုတိုးမြှင့်နိုင်မည်ဟု ဆိုသည်။ ATR သည် ၁၉၈၁ ခုနှစ်တွင် ပြင်သစ် Airbus နှင့် အီတလီ Leonardo တို့က ၅၀:၅၀ ဖက်စပ်အဖြစ် တည်ထောင်ခဲ့ပြီး ပြင်သစ်နိုင်ငံ Toulouse မြို့တွင် ရုံးချုပ်တည်ရှိကာ အတိုခရီးစဉ်များအတွက် အသုံးပြုသည့် တာဘိုပရော့ပ်လေယာဉ်များကို အထူးပြု ထုတ်လုပ်နေသည်။ ကုမ္ပဏီအနေဖြင့် ၂၀၃၀ ခုနှစ်အထိ တောင်ကိုရီးယားတွင် တာဘိုပရော့ပ်လေယာဉ် ၂၅ စင်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး Ulleung, Baengnyeong နှင့် Heuksan ကျွန်းများတွင် လာမည့်နှစ်များအတွင်း လေဆိပ်များ ဖွင့်လှစ်မည့် အစီအစဉ်များနှင့်လည်း ဆက်နွှယ်နေသည်။

Leave a Comment

Your email address will not be published. Required fields are marked *