My

Hyundai IONIQ 6 N က ၂၀၂၆ ခုနှစ် World Performance Car ဆု ရရှိ

Hyundai Motor ၏ IONIQ 6 N သည် ကမ္ဘာ့ထိပ်တန်း မော်တော်ကားဆု ၃ ခုအနက် တစ်ခုဖြစ်သည့် World Car Awards တွင် ၂၀၂၆ ခုနှစ် World Performance Car ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့စင်မြင့်ပေါ်၌ လျှပ်စစ်စွမ်းဆောင်ရည်အတွက် အသိအမှတ်ပြုခံရသည်။ BMW M2 CS နှင့် Chevrolet Corvette E-Ray တို့ကို ကျော်ဖြတ်ကာ ဆုရရှိခဲ့ခြင်း ဖြစ်သည်။

World Car Awards ၏ ထုတ်ပြန်ချက်အရ IONIQ 6 N သည် တနင်္ဂနွေနေ့တွင် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်အတွင်း World Performance Car အမျိုးအစားတွင် Hyundai Motor Group က သိသာထင်ရှားသော လွှမ်းမိုးမှုရှိခဲ့ပြီး Hyundai Motor နှင့် Kia တို့က ၅ ကြိမ်အနက် ၃ ကြိမ် ဆုရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် IONIQ 5 N က ဆုရခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် Kia EV6 GT က ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် Porsche 911 Carrera GTS က ဆုရခဲ့ကာ ၂၀၂၂ ခုနှစ်တွင် Audi e-tron GT က ဆွတ်ခူးခဲ့သည်။ Hyundai Motor Group ကလည်း ယင်းအောင်မြင်မှုသည် IONIQ စီးရီးနှင့် EV6 တို့တွင် အသုံးပြုထားသည့် အထူးလျှပ်စစ်ကားပလက်ဖောင်း E-GMP ၏ ယှဉ်ပြိုင်နိုင်စွမ်းကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် မော်တော်အားကစား (motorsports) အတွေ့အကြုံနှင့် စုဆောင်းရရှိထားသည့် ယာဉ်ဒေတာများကို ပေါင်းစပ်အသုံးချနိုင်ခဲ့သဖြင့် ယခုအောင်မြင်မှု ရရှိခဲ့ကြောင်းလည်း ဆိုသည်။

Hyundai Motor အမှုဆောင်အရာရှိချုပ် Jose Munoz က World Car Awards အကဲဖြတ်အဖွဲ့၏ အသိအမှတ်ပြုမှုသည် ယာဉ်ကို ဒီဇိုင်းထုတ်၊ အင်ဂျင်နီယာဆွဲကာ ထုတ်လုပ်ခဲ့သည့် Hyundai ဝန်ထမ်းထောင်ချီအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ “ဖောက်သည်တွေက ဒီဇိုင်းကောင်းမွန်မှု၊ အဆင့်မြင့်နည်းပညာနဲ့ လက်တွေ့ဘဝမှာ တကယ်တန်ဖိုးရှိမှုကို Hyundai Ioniq 6 N မှာ တွေ့မြင်ကြတယ်” ဟုလည်း ၎င်းက ဆိုသည်။ အကဲဖြတ်အဖွဲ့ဝင် Zvonimir Jurcic ကလည်း အဆိုပါကားသည် လျှပ်စစ်ကားအနည်းငယ်သာ ပေးစွမ်းနိုင်သည့် မောင်းနှင်ရသော ပျော်ရွှင်မှု၊ တိကျမှုနှင့် ယာဉ်ထိန်းချုပ်မှု အခံစားမျိုးကို ပေးနိုင်ကြောင်း ပြောဆိုခဲ့ပြီး IONIQ 6 N သည် စာရွက်ပေါ်တွင် အကောင်းဆုံး၊ အဈေးအကြီးဆုံး သို့မဟုတ် အင်အားအမြင့်ဆုံး ကားမဟုတ်နိုင်သော်လည်း ခက်ခဲသော လမ်းအခြေအနေများတွင် တကယ့် sports car တစ်စီးလို လှုပ်ရှားနိုင်သည့် ကားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ IONIQ 6 N ကို မောင်းနှင်စွမ်းဆောင်ရည်ကောင်းမွန်မှု၊ အမြန်နှုန်းမြင့်တည်ငြိမ်မှုနှင့် နေ့စဉ်အသုံးပြုရာတွင် သက်တောင့်သက်သာရှိမှုတို့ကို တပြိုင်နက်တည်း ပေးစွမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ၎င်းတွင် အများဆုံး 448 kilowatts (609 horsepower) နှင့် 740 newton-meter torque ထုတ်ပေးနိုင်ပြီး N Grin Boost လုပ်ဆောင်ချက်ကို အသုံးပြုပါက 478 kW နှင့် 770 Nm torque အထိ မြင့်တက်လာသည်။ ထို့ပြင် N e-shift virtual gear system၊ မောင်းနှင်သံကို ပိုမိုကောင်းမွန်စေသည့် N Active Sound Plus နှင့် drift မောင်းနှင်မှုကို အထောက်အကူပြုသည့် N Drift Optimizer တို့ကဲ့သို့ နည်းပညာများကိုလည်း ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *