
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အချိန်နည်းနည်းပိုရလာပါက” ဟော်မုဇ်ရေလက်ကြားကို လွယ်ကူစွာ ပြန်ဖွင့်နိုင်ကြောင်း ပြောဆိုလိုက်ပြီး အီရန်နှင့် ဆက်လက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ရန် ၎င်း၏အစိုးရအပေါ် ဖိအားပိုမို မြင့်တက်လာနေသည်။
ထရမ့်က သောကြာနေ့တွင် Truth Social မှတစ်ဆင့် “အချိန်နည်းနည်းပိုရရင် ဟော်မုဇ်ရေလက်ကြားကို လွယ်လွယ်ကူကူ ပြန်ဖွင့်နိုင်မယ်၊ ရေနံကိုယူနိုင်မယ်၊ ပြီးတော့ အမြတ်ကြီးကြီးရနိုင်မယ်” ဟု ရေးသားခဲ့သည်။ Reuters ၏ ဖော်ပြချက်အရ အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲလေကြောင်းတိုက်ခိုက်မှုဖြင့် စတင်ခဲ့သည့် အီရန်စစ်ပွဲသည် စတင်ပြီး ၅ ပတ်နီးပါးအတွင်း ဒေသတွင်း မတည်ငြိမ်မှုများကို ပိုမိုကျယ်ပြန့်စေပြီး ဘဏ္ဍာရေးဈေးကွက်များကိုလည်း လှုပ်ခတ်စေခဲ့သည်။
အီရန်ကလည်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ရေနံသုံးစွဲမှု၏ ၅ ပုံ ၁ ပုံခန့်ကို ဖြတ်သန်းသယ်ယူပို့ဆောင်နေသည့် အဓိကရေကြောင်းလမ်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ဆို့ထားသည်။ စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေးသည် ကမ္ဘာ့အစိုးရများအတွက် အရေးပေါ် ဦးစားပေးကိစ္စ ဖြစ်လာနေသည်။
ထို့ပြင် ဗုဒ္ဓဟူးနေ့ညက ပြုလုပ်သည့် မိန့်ခွန်းတွင် ထရမ့်က အီရန်၏ အရပ်ဘက် လျှပ်စစ်ဓာတ်အားစက်ရုံများကို ခြိမ်းခြောက်သည့် စကားများ ထပ်မံပြောကြားခဲ့သော်လည်း စစ်ရေးပဋိပက္ခကို မည်သည့်အချိန်တွင် အဆုံးသတ်မည်ဆိုသည့် တိကျသော အချိန်ဇယားကို မဖော်ပြခဲ့ကြောင်း သိရသည်။ ထရမ့်၏ ပြောဆိုချက်များကြောင့် အီရန်ဘက်က လက်တုံ့ပြန်မည်ဟု ကတိပြုလာပြီး စတော့ရှယ်ယာဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။