My

မြောက်ကိုရီးယား သံအမတ်ကြီးက တရုတ်အာဏာရပါတီထံ ပါတီကွန်ဂရက် ရလဒ်များ ရှင်းလင်းတင်ပြ

မြောက်ကိုရီးယား သံအမတ်ကြီး Ri Ryong-nam က မြောက်ကိုရီးယား အလုပ်သမားပါတီ၏ မကြာသေးမီက ကျင်းပခဲ့သည့် ပါတီကွန်ဂရက် ရလဒ်များကို တရုတ်ကွန်မြူနစ်ပါတီထံ ရှင်းလင်းတင်ပြခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်က သောကြာနေ့တွင် ဖော်ပြသည်။ အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရေးအတွက် နီးကပ်စွာ ညှိနှိုင်းဆွေးနွေးမှုများလည်း ပါဝင်ခဲ့သည်။

သံအမတ်ကြီး Ri သည် ကြာသပတေးနေ့က တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာ ဌာနအကြီးအကဲ Liu Haixing နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်ဘက်က ဖော်ပြချက်အရ Ri သည် မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ ပါတီကွန်ဂရက်မှ ထွက်ပေါ်လာသည့် အဓိကရလဒ်များ၊ နိုင်ငံဖွံ့ဖြိုးရေး ဦးတည်ချက်နှင့် မူဝါဒရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ် ဖေဖော်ဝါရီလတွင် ပါတီကွန်ဂရက်ကို ကျင်းပခဲ့ပြီး နောက်လာမည့် ၅ နှစ်အတွက် စီးပွားရေးဖွံ့ဖြိုးရေး အစီအစဉ်နှင့် လမ်းညွှန်မူဝါဒများကို ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

တွေ့ဆုံပွဲအတွင်း Liu Haixing က တရုတ်သမ္မတ ရှီကျင်ပင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံတစ်ခုကို ချမှတ်ထားပြီးဖြစ်ကြောင်း ပြောကြားကာ မဟာဗျူဟာဆိုင်ရာ ဆက်သွယ်ညှိနှိုင်းမှုများနှင့် လုပ်ငန်းအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်လိုကြောင်း ဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် ရိုးရာချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံ၏ ဆိုရှယ်လစ်ရေး တည်ဆောက်မှုများ တည်ငြိမ်ပြီး ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်စေရန် လက်တွဲဆောင်ရွက်လိုကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်ဘက်၏ ဝက်ဘ်ဆိုက်တွင် ကိုးကားဖော်ပြချက်အရ သံအမတ်ကြီး Ri Ryong-nam ကလည်း ပါတီကွန်ဂရက်ကြောင့် မြောက်ကိုရီးယား၏ နိုင်ငံဖွံ့ဖြိုးရေး ဦးတည်ချက်နှင့် မူဝါဒရည်မှန်းချက်များ ပိုမိုရှင်းလင်းသွားခဲ့ပြီး ပြုံယမ်းအနေဖြင့် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် သန္နိဋ္ဌာန် ခိုင်မာနေကြောင်း အတည်ပြုပြောဆိုခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *