
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို မကူညီခဲ့သည့် နိုင်ငံများအား အမေရိကန်ရေနံကို ဝယ်ယူပြီးနောက် ဟော်မုဇ်ရေလက်ကြားသို့ သွား၍ ရေနံတင်သင်္ဘောလမ်းကြောင်းကို “အဲဒီအတိုင်းယူလိုက်” ဟု မတ် ၃၁ ရက်က တိုက်တွန်းခဲ့သည်။ ၎င်းက ဗြိတိန်နှင့် ပြင်သစ်ကိုလည်း မကူညီခဲ့သည့် နိုင်ငံများအဖြစ် ထူးထူးခြားခြား ထောက်ပြပြောဆိုခဲ့သည်။
Reuters သတင်းအရ ထရမ့်က Truth Social ပို့စ်တွင် “ဟော်မုဇ်ရေလက်ကြားကြောင့် လေယာဉ်ဆီတောင် မရတဲ့ နိုင်ငံတွေ၊ ဥပမာ ဗြိတိန်လို အီရန်ကို ထိထိရောက်ရောက် နှိမ်နင်းရေးမှာ ပါဝင်မပေးခဲ့တဲ့ နိုင်ငံတွေဆိုရင် ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ ပထမ၊ အမေရိကန်ကနေ ဝယ်ပါ၊ ကျွန်တော်တို့မှာ အများကြီးရှိတယ်။ ဒုတိယ၊ နောက်ကျမှ သတ္တိစု၊ ရေလက်ကြားကို သွားပြီး အဲဒီအတိုင်းယူလိုက်” ဟု ရေးသားခဲ့သည်။
ထရမ့်က ထိုနိုင်ငံများအနေဖြင့် “ကိုယ့်ကိုယ်ကိုယ် ကာကွယ်တိုက်ခိုက်ဖို့ စတင်လေ့လာရမယ်၊ အမေရိကန်ကတော့ အခုကစပြီး ကူညီနေတော့မှာ မဟုတ်ဘူး၊ သင်တို့ကလည်း အရင်က ကျွန်တော်တို့အတွက် မရှိပေးခဲ့သလိုပဲ” ဟုလည်း ပြောဆိုခဲ့သည်။ ထို့ပြင် “အခက်ဆုံးအပိုင်းက ပြီးသွားပြီ။ ကိုယ့်ရေနံကို ကိုယ်သွားယူ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ထရမ့်သည် ပြင်သစ်နိုင်ငံက အစ္စရေးသို့ စစ်ရေးပစ္စည်းများ သယ်ဆောင်လာသည့် လေယာဉ်များကို ၎င်း၏ လေပိုင်နက်အတွင်း ပျံသန်းခွင့်မပေးခဲ့သည့်အပေါ်လည်း ဝေဖန်ခဲ့သည်။ အီရန်အပေါ် တစ်လကြာ ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ့ဈေးကွက်များ လှုပ်ခတ်နေပြီး စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာကာ ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောသွားလာမှုကို အီရန်က ထိန်းချုပ်ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။