Search for similar products on 1688 ❯

My

ကင်မ်ဂျုံအန်က ရှီကျင့်ဖျင်၏ အုပ်ချုပ်ရေးပုံစံကို အတုယူလာနေကြောင်း သုံးသပ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်သည် ပါတီထိန်းချုပ်မှုကို ပိုမိုတင်းကျပ်လာစေရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အုပ်ချုပ်ရေးပုံစံမှ သင်ခန်းစာယူနေကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။ သို့သော် တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုကို မပိုင်ဆိုင်သည့် မြောက်ကိုရီးယားအတွက် ထိုပုံစံကို အပြည့်အဝ ကူးယူရန်မှာ ကန့်သတ်ချက်များ ရှိနေကြောင်း ဆောင်းပါးက ဖော်ပြသည်။

NK News ၏ သတင်းအရ မြောက်ကိုရီးယား၏ အကြီးဆုံး နိုင်ငံရေးစီမံကိန်းဖြစ်သည့် နဝမအကြိမ် ပါတီကွန်ဂရက်တွင် ကင်မ်ဂျုံအန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အစည်းအဝေးပုံစံနှင့် ဆင်တူသည့် နာမည်တက်ဘ်များ အသုံးပြုခြင်းအပါအဝင် တရုတ်စတိုင် လက္ခဏာများကို ပြသခဲ့သည်။ ထို့အပြင် ၎င်း၏ “ငါးချက်ပါတီတည်ဆောက်ရေးလမ်းကြောင်း” ကို အလုပ်သမားပါတီ စည်းမျဉ်းထဲသို့ ထည့်သွင်းကာ မိသားစုအခြေခံ “တစ်ခုတည်းသော ဦးဆောင်ရေးစနစ်” ကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေကြောင်းလည်း ဆိုသည်။

ဆောင်းပါးတွင် ၂၀၂၂ ခုနှစ်က ကင်မ်ဂျုံအန် ထုတ်ပြန်ခဲ့သော ငါးချက်လမ်းကြောင်းသည် ၂၀၁၈ ခုနှစ်တွင် ရှီကျင့်ဖျင် ပြောကြားခဲ့သည့် ပါတီစည်းကမ်းနှင့် နိုင်ငံရေးတည်ဆောက်မှုဆိုင်ရာ အဓိကအယူအဆများနှင့် ထင်ရှားစွာ ဆင်တူကြောင်း ဖော်ပြထားသည်။ ကင်မ်နှင့် ရှီ နှစ်ဦးစလုံးသည် အုပ်ချုပ်ရေး၏ အခြေခံတွင် ပါတီအာဏာ၊ ပါတီစည်းကမ်းနှင့် ဗဟိုဦးဆောင်မှုကို ထားရှိကြပြီး ပါတီဖွဲ့စည်းတည်ဆောက်ပုံကို နိုင်ငံအုပ်ချုပ်ရေး၏ ကျောရိုးအဖြစ် သတ်မှတ်ကြသည်။

Sejong Institute မှ သုတေသနပညာရှင် Peter Ward က ကင်မ်သည် တရုတ်၏ အုပ်ချုပ်ရေးပုံစံကို ရည်ရွယ်ချက်ရှိရှိ လေ့လာနေသည့် သဘောရှိကြောင်း သုံးသပ်သည်။ Aadil Brar ကလည်း ရှီ၏ ပုံစံသည် မော်စီတုန်း၏ “လူထုလှုပ်ရှားရေး” မဟုတ်ဘဲ ပါတီယန္တရားကို စည်းကမ်းတကျ တင်းကျပ်ထိန်းချုပ်သည့် “စည်းကမ်းအခြေပြု” ပုံစံဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ရှီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုနှင့် “Two Establishes”၊ “Two Upholds” ဟူသော အယူအဆများက ခေါင်းဆောင်၏ အာဏာကို ဖွဲ့စည်းပုံအခြေခံအဆင့်အထိ ခိုင်မာစေသကဲ့သို့ ကင်မ်လည်း ၎င်း၏ လမ်းကြောင်းမှတစ်ဆင့် အတွင်းပိုင်း စည်းကမ်းထိန်းသိမ်းမှုကို တိုးမြှင့်လိုက်ကြောင်း သုံးသပ်ထားသည်။

သို့သော် မြောက်ကိုရီးယားတွင် တရားဝင် စီးပွားရေးအခွင့်အလမ်း နည်းပါးနေခြင်းကြောင့် အဂတိလိုက်စားမှုသည် အရာရှိများအတွက် “အသက်ရှင်ရပ်တည်ရေးနည်းလမ်း” တစ်ခုသဖွယ် ဖြစ်နေကြောင်း Ward က ပြောသည်။ ၎င်းက ကင်မ်သည် ဒေသအဆင့်အရာရှိများကို တာဝန်ပေးအပ်ကာ လုပ်ငန်းအကောင်အထည်ဖော်မှုကို ဆောင်ရွက်စေပြီး နောက်ပိုင်းတွင် စွမ်းဆောင်ရည်အလိုက် အကဲဖြတ်သည့် တရုတ်ပုံစံ တာဝန်လွှဲအပ်မှုအချို့ကိုလည်း စမ်းသပ်နေကြောင်း ဆိုသည်။

အလုပ်သမားပါတီ၏ ပါတီဖွဲ့စည်းပုံကို ပြန်လည်ချဲ့ထွင်ကာ အနီးကပ်ပတ်ဝန်းကျင်မှ လူများကို အရေးကြီးရာထူးများတွင် ခန့်အပ်ခြင်းဖြင့် ကင်မ်သည် ၎င်း၏ စစ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် အတားအဆီးများကို ဖယ်ရှားလိုနေကြောင်းလည်း ဆောင်းပါးက သုံးသပ်ထားသည်။ သို့သော် တရုတ်နိုင်ငံကဲ့သို့ စီးပွားရေးဖွင့်လှစ်မှုနှင့် ဈေးကွက်ချဲ့ထွင်မှုကို မြောက်ကိုရီးယားက အတိုင်းအတာကြီးမားစွာ လိုက်နာနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ကင်မ်သည် ရှီ၏ “အဖွဲ့အစည်းဆိုင်ရာ ပုံစံ” ကိုသာ ယူနိုင်ပြီး စီးပွားရေးအောင်မြင်မှုကို မဖန်တီးနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *