
တောင်ကိုရီးယား အမျိုးသားလွှတ်တော်သည် နိုင်ငံခြားငွေလဲဈေးကွက် တည်ငြိမ်စေရန်နှင့် ပြည်တွင်း စတော့ဈေးကွက်သို့ ဒေသခံ ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်လာစေရန် ရည်ရွယ်သည့် အခွန်ဥပဒေကြမ်းများကို အင်္ဂါနေ့တွင် အတည်ပြုလိုက်သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဝမ်ငွေတန်ဖိုး ကျဆင်းနေသည့်အချိန်တွင် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြင်ဆင်ထားသည့် အခွန်ဆိုင်ရာ အထူးကိစ္စများကို ကန့်သတ်သည့် ဥပဒေအရ ပြည်ပ စတော့ရှယ်ယာများမှ ရရှိသည့် အမြတ်ကို ပြည်တွင်း စတော့ဈေးကွက်တွင် တစ်နှစ်အတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံသည့် တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများသည် အရင်းအနှီးအမြတ်ခွန် လျှော့ချသက်သာခွင့် ရရှိမည်ဖြစ်သည်။ မေလ ၃၁ ရက် မတိုင်မီ ပြည်ပ စတော့ရှယ်ယာများကို ရောင်းချပြီး အသစ်ဖွင့်လှစ်ထားသည့် “reshoring investment account” မှတစ်ဆင့် ပြည်တွင်းဈေးကွက်သို့ ပြန်လည်ရင်းနှီးမြှုပ်နှံသူများမှာ အရင်းအနှီးအမြတ်ခွန်မှ အပြည့်အဝ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ရောင်းချသူများကိုမူ ၅၀ ရာခိုင်နှုန်း လျှော့ချခွင့် ပေးမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားငွေလဲနှုန်း အတက်အကျကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကို ကာကွယ်ရန် ဝယ်ယူသည့် ငွေကြေးဆိုင်ရာ ထုတ်ကုန်များအတွက်လည်း အသေးစား ရင်းနှီးမြှုပ်နှံသူများကို အခွန်အကျိုးခံစားခွင့် ပေးရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။ အမေရိကန်-အစ္စရေးက အီရန်ကို တိုက်ခိုက်မှုများ ဒုတိယလအတွင်းသို့ ဝင်ရောက်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာသဖြင့် ပို့ကုန်အပေါ် အလွန်မှီခိုနေသည့် တောင်ကိုရီးယား စီးပွားရေးအပေါ် ပြင်းထန်သည့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စိုးရိမ်မှုများလည်း မြင့်တက်နေသည်။