
ဘီတီအက်စ် (BTS) သည် မတ် ၂၁ ရက်က ဆိုးလ်မြို့လယ် ဂွမ်ဟွမ်မွန်းရင်ပြင်တွင် ကျင်းပခဲ့သည့် comeback show ဖြင့် သာမန်ဖျော်ဖြေပွဲတစ်ခုထက် ပိုမိုကြီးမားသည့် အဓိပ္ပာယ်ကို ဖော်ထုတ်ပြသခဲ့ကြောင်း သုံးသပ်ခံရသည်။ ပရိသတ်အင်အား အလွန်ကြီးမားခြင်းနှင့် လုံခြုံရေးအခြေအနေများကို အပြည့်အဝ စီမံထိန်းချုပ်ခဲ့ရသည့် အဆိုပါဖျော်ဖြေပွဲက BTS ၏ နောက်တစ်ဆင့်ကို မည်သို့သတ်မှတ်လာမည်ဆိုသည့် မေးခွန်းကိုလည်း ထင်ဟပ်စေခဲ့သည်။
ကော်ရီးယားတိုင်းမ်စ်၏ ဆောင်းပါးအရ ဂွမ်ဟွမ်မွန်းသည် ပုံမှန်အားဖြင့် ရုံးဝန်ထမ်းများ၊ ခရီးသွားများနှင့် ယာဉ်အသွားအလာများဖြင့် အမြဲတစေ လှုပ်ရှားနေသည့် လုပ်ငန်းဗဟိုနယ်မြေတစ်ခု ဖြစ်သည်။ သို့သော် BTS ၏ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် comeback concert မတိုင်မီ ရက်များအတွင်း အတားအဆီးများ တပ်ဆင်ခြင်း၊ ဝင်ရောက်ခွင့် ကန့်သတ်ခြင်းနှင့် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ခြင်းတို့ကြောင့် မြို့လယ်ခေါင်၏ ပုံမှန်အခြေအနေ ပြောင်းလဲသွားခဲ့သည်။ ဖျော်ဖြေပွဲနေ့တွင် လမ်းမအချို့နှင့် မြေအောက်ရထားဘူတာအချို့ကို ပိတ်ထားခဲ့ရပြီး လမ်းသွားလမ်းလာများကိုလည်း ကန့်သတ်ခဲ့ရသည်။ ဆိုးလ်မြို့လယ်တစ်ခွင် လုံခြုံရေးဝန်ထမ်း ထောင်နှင့်ချီ စေလွှတ်ထားခဲ့သည်။
သို့သော် အဆိုပါညက မြင်တွေ့ရသည့် အခြေအနေသည် ဖျော်ဖြေပွဲတစ်ခုအဖြစ်သာ မဟုတ်ဘဲ စနစ်တကျ စီမံခန့်ခွဲထားသည့် အကြီးစား အများပြည်သူဆိုင်ရာ အဖြစ်အပျက်တစ်ခုအဖြစ် ထင်ရှားခဲ့သည်။ သတင်းများအရ ခန့်မှန်းထားသည့် ကမ္ဘာတစ်ဝန်းမှ ပရိသတ် ၂၆၀,၀၀၀ ဦးအနက် အားလုံးမရောက်ရှိနိုင်ခဲ့ကြောင်း သိရပြီး၊ ပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များက ဝင်ရောက်လာမည့် လူအုပ်ကို မျှော်လင့်ထားသော်လည်း အရောင်းကျဆင်းမှုနှင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တစ်ဖက်တွင်လည်း အဆိုပါ show ကို ကမ္ဘာတစ်ဝန်းရှိ viewer ၁၉ သန်းနီးပါးက live stream မှတစ်ဆင့် ကြည့်ရှုခဲ့သည်။
ဂွမ်ဟွမ်မွန်းကဲ့သို့သော နေရာတွင် ဖျော်ဖြေပွဲတစ်ခုကျင်းပခြင်းကို သာမန် concert တစ်ခုအဖြစ်သာ မသတ်မှတ်နိုင်တော့ဘဲ သမိုင်း၊ ယဉ်ကျေးမှု၊ အစိုးရအုပ်ချုပ်ရေးနှင့် နေ့စဉ်ပြည်သူ့ဘဝတို့ ရောယှက်တည်ရှိနေသည့် နေရာတစ်ခုအဖြစ်ပါ ထည့်သွင်းစဉ်းစားရသည်ဟု ဆောင်းပါးက ဆိုသည်။ ပုံမှန်ပြပွဲနေရာတစ်ခုဖြစ်သည့် ဆိုးလ်အိုလံပစ်အားကစားကွင်းကဲ့သို့ နေရာတွင် ကျင်းပခဲ့ပါက အခြေခံအဆောက်အအုံများ အဆင်သင့်ရှိပြီး ရလဒ်များလည်း ခန့်မှန်းနိုင်မည်ဖြစ်သော်လည်း ဂွမ်ဟွမ်မွန်းမှာမူ အဓိပ္ပာယ်သင်္ကေတနှင့် လုပ်ငန်းဆောင်တာ နှစ်ခုလုံးကို တပြိုင်နက်တည်း ထိန်းညှိထားရသည့် နေရာဖြစ်သည်။
BTS သည် ၎င်းတို့၏ comeback ကို ဂွမ်ဟွမ်မွန်းတွင် စတင်ခြင်းဖြင့် ‘BTS 2.0’ အဖြစ် နောက်တစ်ဆင့်ကို မည်သို့သတ်မှတ်မည်ဆိုသည့် မူဝါဒဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ သတင်းစကားတစ်ရပ်ကိုလည်း ပေးပို့ခဲ့ကြောင်း ဆောင်းပါးက သုံးသပ်သည်။ အဖွဲ့၏ အယ်လ်ဘမ်ခေါင်းစဉ် “ARIRANG” နှင့် “Body to Body” သီချင်းတွင် ကိုရီးယားရိုးရာဂီတသမားများနှင့် ပူးပေါင်းကာ “Arirang” ကို ထည့်သွင်းအသုံးပြုထားခြင်းကလည်း ကိုရီးယားအမျိုးသားအမှတ်အသားနှင့် ကမ္ဘာလုံးဆိုင်ရာ ခံစားချက်ကို တစ်ပြိုင်နက်တည်း ဆက်စပ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ ရိုးရာတူရိယာများနှင့် ခေတ်မီထုတ်လုပ်မှုတို့ကို ပေါင်းစပ်ထားသည့် ထိုတင်ဆက်မှုက BTS ၏ ပြန်လည်လာရောက်မှုသည် ကိုရီးယားယဉ်ကျေးမှုအခြေခံပေါ်တွင် တည်ဆောက်ထားသော်လည်း ကမ္ဘာလုံးဆိုင်ရာ ပရိသတ်နှင့် ချိတ်ဆက်နိုင်ရန် ဖန်တီးထားကြောင်း ပြသခဲ့သည်။
ဆောင်းပါးက နိဂုံးချုပ်ရာတွင် BTS ၏ ဂွမ်ဟွမ်မွန်းဖျော်ဖြေပွဲသည် “ဘယ်လောက်ကြီးသလဲ” ဆိုသည့် မေးခွန်းထက် “ဘယ်နေရာတွင်၊ ဘယ်သဘောတရားဖြင့် ပြန်လာသလဲ” ဆိုသည့် အဓိပ္ပာယ်က ပိုမိုအရေးကြီးကြောင်း ဖော်ပြခဲ့သည်။ သမိုင်းကြောင်း၊ အုပ်ချုပ်ရေးအာဏာနှင့် ပြည်သူ့ဘဝတို့ ရောယှက်နေသည့် နေရာတစ်ခုတွင် ဖျော်ဖြေခြင်းက BTS ၏ နောက်တစ်ဆင့်ကို စင်မြင့်အကျယ်အဝန်းထက် ပိုမိုကျယ်ပြန့်သည့် စိတ်ကူးယဉ်မြေပုံတစ်ခုပေါ်တွင် တင်ပေးခဲ့သည်။ ဆောင်းပါးရေးသားသူ Soo Kim သည် ယခင် CIA analyst နှင့် strategic risk consultant ဖြစ်ပြီး YouTube channel @sklucidtv ၏ host ဖြစ်သည်။