
ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှင်ကိုက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် သံရုံးဖွင့်လှစ်ရန် အရာရှိများကို ညွှန်ကြားလိုက်သည်။ ယင်းဆုံးဖြတ်ချက်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးတွေ့ဆုံမှုအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မက်ဇင်း ရစ်ဇန်ကော့ဗ်က လူကာရှင်ကို၏ ပြုံယမ်းသို့ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အပြီး သတင်းထောက်များအား ထိုအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Belta က သောကြာနေ့တွင် ဖော်ပြသည်။ “သမ္မတက အတိအလင်း တာဝန်ပေးခဲ့တာတွေက ပြုံယမ်းမှာ ကျွန်တော်တို့ သံရုံးဖွင့်ဖို့၊ ဗီဇာကင်းလွတ်ရေး သဘောတူညီချက်အပေါ် လုပ်ငန်းတွေ အရှိန်မြှင့်ဖို့၊ နီးစပ်လာမယ့်ကာလအတွင်း တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် ကိစ္စအားလုံးကို ပြန်လည်သုံးသပ်ဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်း မီဒီယာက ကိုးကားဖော်ပြသည်။ မြောက်ကိုရီးယားဘက်ကမူ မင်စ့်ခ်မြို့တွင် သံရုံးဖွင့်လှစ်ထားပြီးဖြစ်သည်။
ရစ်ဇန်ကော့ဗ်၏ ပြောကြားချက်အရ နှစ်ဖက်သည် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်း အခြေအနေများနှင့် ရုရှား၏ ယူကရိန်းစစ်ပွဲ အပါအဝင် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ခေါင်းဆောင်နှစ်ဦးအကြား “တူညီချက်များ အလွန်များပြားသည်” ဟု သုံးသပ်ကြောင်းလည်း ဖော်ပြထားသည်။ နိုင်ငံခြားရေးဝန်ကြီးက လူကာရှင်ကိုသည် ကင်ဂျုံအွန်ကို ဘယ်လာရုစ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားကြောင်း ထပ်မံပြောကြားခဲ့သည်။
ပြုံယမ်းတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ လူကာရှင်ကိုနှင့် ကင်ဂျုံအွန်တို့သည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဟု ချီးကျူးပြောဆိုခဲ့ကြသည်။ ယင်းခရီးစဉ်မှာ ရုရှားမဟာမိတ် ဘယ်လာရုစ် ခေါင်းဆောင်တစ်ဦး၏ မြောက်ကိုရီးယားသို့ ပထမဆုံး သွားရောက်မှုလည်း ဖြစ်သည်။