My

မြေပြင်တပ်မပါဘဲ အီရန်ဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ဟု Rubio ပြော

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အမေရိကန်အစိုးရအနေဖြင့် မြေပြင်တပ်ဖွဲ့များကို အသုံးမပြုဘဲ အီရန်ဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိစစ်ဆင်ရေးကိုလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း အဆုံးသတ်နိုင်မည်ဟု ၎င်းက ဆိုသည်။

Rubio သည် ပြင်သစ်နိုင်ငံ ပါရီမြို့အနီး Cernay-la-Ville တွင် သောကြာနေ့က ကျင်းပသည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ယခင်လကုန်ပိုင်းက အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သည့် ပဋိပက္ခအခြေအနေကို G7 ဝန်ကြီးများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းက အမေရိကန်၏ ရည်မှန်းချက်မှာ အီရန်၏ ဒုံးပျံနှင့် ဒရုန်းစွမ်းရည်များ၊ အဆိုပါလက်နက်များ ထုတ်လုပ်သည့် စက်ရုံများအပြင် အီရန်ရေတပ်နှင့် လေတပ်ကို ဖျက်ဆီးရန်ဖြစ်ကြောင်း ပြောဆိုပြီး “လများမဟုတ်၊ ရက်သတ္တပတ်အတွင်း” အဆုံးသတ်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။

“အများအားဖြင့် ကျွန်တော်တို့က သတ်မှတ်ချိန်ထက် စောပြီး လုပ်ဆောင်နေပါတယ်။ မြေပြင်တပ်ဖွဲ့ မလိုဘဲ၊ လုံးဝ မလိုဘဲ အဲဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ပါတယ်” ဟု Rubio က ပြောသည်။ အရှေ့အလယ်ပိုင်းဒေသသို့ ထောင်သောင်းချီသော တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ထားခြင်းမှာ သမ္မတ Donald Trump အား ပဋိပက္ခအတွင်း ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်အခြေအနေများအတွက် ရွေးချယ်စရာများ ပေးရန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ သို့သော် စစ်ဆင်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Rubio က အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွားလာခွင့်အတွက် အခွန်ကောက်ခံမှုစနစ်တစ်ရပ် တည်ဆောက်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ စစ်ပွဲပြီးဆုံးပြီးနောက် ထိုရေလက်ကြားမှတစ်ဆင့် ကုန်သွယ်ရေး အကျိုးခံစားနေသည့် ဥရောပနှင့် အာရှနိုင်ငံများအနေဖြင့် လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ရေး လုံခြုံရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်သင့်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *