Search for similar products on 1688 ❯

My

ကိုရီးယားနိုင်ငံတွင် ချယ်ရီပန်း အလှဆုံးခံစားနိုင်မည့် နေရာ ၅ ခု

နွေဦးရာသီ ရောက်လာသည်နှင့်အမျှ ကိုရီးယားနိုင်ငံတစ်ဝန်း ချယ်ရီပန်းများ ပုံမှန်ထက် စောစီးစွာ ပွင့်လန်းလာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် လူထုအာရုံစိုက်မှု မြင့်တက်နေသည်။ Korea Times က ဖော်ပြထားသည့် စာရင်းအရ ချယ်ရီပန်းရှုခင်း အလှဆုံး မြင်တွေ့နိုင်မည့် နေရာ ၅ ခုကို စုစည်းဖော်ပြထားသည်။

ရာသီဥတုခန့်မှန်းချက်များအရ ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကြောင့် ပန်းပွင့်ချိန်မှာ နှစ်စဉ်ပျမ်းမျှထက် ၁ ရက်မှ ၇ ရက်အထိ စောလာနိုင်ကြောင်း သိရသည်။ ဂျေဂျူးကျွန်းတောင်ပိုင်း ဆော့ဂွီပို (Seogwipo) တွင် ပန်းပွင့်မှု စတင်နေပြီး ဘူဆန်၊ ဒယ်ဂူ၊ အူလ်ဆန်တို့သို့ ဆက်လက်ရောက်ရှိမည်ဟု ခန့်မှန်းထားကာ ဆိုးလ်မြို့တွင်မူ ဧပြီ ၃ ရက်ဝန်းကျင်မှ စတင်ပွင့်လန်းနိုင်သည်။

၁။ ဂျင်ဟဲ (Jinhae), ဆောင်နမ်ဂျုံပြည်နယ် (South Gyeongsang Province)
ချန်ဝန်မြို့ ဂျင်ဟဲခရိုင်သည် နွေဦးတိုင်း ချယ်ရီပန်းများ ပြည့်ဝလှပစွာ ပွင့်လန်းရာ ဒေသအဖြစ် နာမည်ကျော်ပြီး ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ချယ်ရီပန်းကြည့်ရှုရာနေရာအဖြစ် သတ်မှတ်ခံထားရသည်။ ယခုနှစ် Jinhae Gunhangje Festival ကို မတ် ၂၇ ရက်မှ ဧပြီ ၅ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ ခန့်မှန်းခြေ ချယ်ရီပင် ၃၆၀,၀၀၀ ကျော် ရှိသည့်အတွက် ပန်းခေါင်မိုးပုံစံ လမ်းများနှင့် မြင်ကွင်းကျယ်ရှုခင်းများက အဓိက ဆွဲဆောင်မှု ဖြစ်သည်။ Gyeonghwa ဘူတာရုံဟောင်း ရထားလမ်းတလျှောက် ၁ ကီလိုမီတာခန့် ရှည်လျားသည့် “Blossom Road” သည် ဓာတ်ပုံရိုက်ကူးရန် နာမည်ကြီးနေရာဖြစ်ပြီး၊ Yeojwacheon ချောင်းတလျှောက် ၁.၅ ကီလိုမီတာခန့် ရှည်လျားသည့် လမ်းကလည်း ချယ်ရီပန်းများနှင့် နှလုံးပုံ မီးအလှဆင်မှုများကြောင့် ညနေခင်းတွင် အထူးလှပသည်။ အနီးရှိ Romance Bridge သည်လည်း K-drama ရိုက်ကွင်းအဖြစ် လူကြိုက်များသည်။

၂။ နမ်ဟဲ (Namhae), ဆောင်နမ်ဂျုံပြည်နယ်
ဆောင်နမ်ဂျုံပြည်နယ်တောင်ပိုင်းရှိ နမ်ဟဲကမ်းရိုးတန်းသည် ချယ်ရီပန်းနှင့် ကနိုလာပန်းများ ပေါင်းစပ်ထားသည့် ရင်သပ်ရှုမောဖွယ် ရှုခင်းကြောင့် နာမည်ကြီးသည်။ ကမ်းရိုးတန်းလမ်းတလျှောက် ချယ်ရီပန်းတန်းများ ပန်းရောင်တန်းစီနေပြီး အောက်ဘက်တောင်စောင်းများတွင် အဝါရောင် ကနိုလာပန်းများ ဖုံးလွှမ်းနေကာ နောက်ခံတွင် အပြာရောင် ပင်လယ်ပြင်က ပိုမိုထင်ရှားစေသည်။ Seolcheon-myeon ဒေသရှိ Wangji Village Cherry Blossom Road ကို ကိုရီးယား၏ “အလှဆုံးလမ်း ၁၀၀” စာရင်းတွင် ထည့်သွင်းထားပြီး နမ်ဟဲတံတားမှ Wangji Village အထိ ၅ ကီလိုမီတာခန့် ရှည်လျားကာ ချယ်ရီပင် ၁,၁၀၀ ကျော် စိုက်ပျိုးထားသည်။

၃။ ယိုအီဒို (Yeouido), ဆိုးလ်
Yeouido Spring Flower Festival သည် မြို့ပြအဆင်ပြေမှုနှင့် သဘာဝအလှကို ပေါင်းစပ်ထားသဖြင့် နှစ်စဉ် လူသန်းပေါင်းများစွာကို ဆွဲဆောင်လျက်ရှိသည်။ ယခုနှစ်ပွဲကို ဧပြီ ၃ ရက်မှ ၇ ရက်အထိ National Assembly အနောက်ဘက်ရှိ Yeouiseo Road တလျှောက် ကျင်းပမည်ဖြစ်ကြောင်း သိရပြီး ၁.၇ ကီလိုမီတာရှည်သည့် လမ်းတန်းပေါ်တွင် ချယ်ရီပင် ၁,၈၈၆ ပင်အပြင် ဖော့ဆီယာ (forsythia) နှင့် ဇီဇာ (azalea) ကဲ့သို့ နွေဦးပန်းများလည်း တန်းစီပွင့်လန်းနေမည်ဖြစ်သည်။ ဟန်မြစ်ကမ်းနံဘေး တည်ရှိနေသောကြောင့် မြို့လယ်အတွင်း အနားယူလှည့်လည်ရန် သင့်တော်သည့်နေရာအဖြစ် လူကြိုက်များပြီး ပစ်ကနစ်ဇုန်နှင့် အရိပ်ရနားနေရာများလည်း စီစဉ်ထားသည်။ အနီးဆုံး မီထရိုဘူတာများမှာ Line 5 နှင့် Line 9 ရှိ Yeouido Station သို့မဟုတ် Yeouinaru Station တို့ ဖြစ်သည်။

၄။ ဆော့ချွန်ကန် (Seokchon Lake), ဆိုးလ်
အထပ်မြင့်အဆောက်အအုံများ ဝန်းရံထားသည့် ဆော့ချွန်ကန်၏ ၂.၅ ကီလိုမီတာရှည် ချယ်ရီပန်းလမ်းသည် နွေဦးတိုင်း ပန်းရောင်လွှမ်းသည့် လှိုဏ်ခေါင်းပုံစံ လမ်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူအများကို ဆွဲဆောင်လျက်ရှိသည်။ နှစ်စဉ် ကျင်းပသည့် Seokchon Lake Cherry Blossom Festival ကို ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ သတ်မှတ်ထားသည်။ လမ်းတလျှောက်တွင် royal cherry tree ၁,၀၀၀ ကျော် ရှိပြီး Jamsil Station (Line 2) နှင့်လည်း အလွန်နီးကပ်သဖြင့် သွားလာရ လွယ်ကူသည်။ ညပိုင်းတွင် မီးအလှဆင်မှုများကြောင့်လည်း ချစ်သူစုံတွဲများ၊ မိသားစုများအတွက် အလည်အပတ်သွားရန် သင့်တော်သည်။

၅။ Gyeongui Line Forest Path, ဆိုးလ်
ဆိုးလ်မြို့အနောက်ပိုင်း Mapo နှင့် Yeonnam ခရိုင်များတွင် တည်ရှိသည့် Gyeongui Line Forest Path သည် ဖျက်သိမ်းထားသည့် ရထားလမ်းဟောင်းကို စိမ်းလန်းလှပသော လမ်းလျှောက်ပန်းဥယျာဉ်အဖြစ် ပြောင်းလဲထားသည့် နေရာဖြစ်သည်။ ၆.၃ ကီလိုမီတာရှည်သည့် ဤ linear park တွင် ချယ်ရီပန်းလှိုဏ်ခေါင်းများ ရှိသကဲ့သို့ ခေတ်မီကဖေးများ၊ စာအုပ်ဆိုင်များနှင့် ချောင်းငယ်များလည်း တွဲဖက်တည်ရှိနေသည်။ Yeouido ထက် လူစည်ကားမှု နည်းပါးသည့်အတွက် သက်သောင့်သက်သာ နွေဦးလမ်းလျှောက်ရန် သင့်တော်သည့်နေရာအဖြစ် လူကြိုက်များသည်။ Yeonnam-dong ရှိ “Yeontral Park” နှင့် Gyeongui Line Book Street ကဲ့သို့ အနီးဝန်းကျင်နေရာများကြောင့် ပစ်ကနစ်လုပ်ရန်၊ စာဖတ်ရန်နှင့် K-drama ဆန်ဆန် အငွေ့အသက်ကို ခံစားရန်လည်း သင့်တော်သည်။ မီထရိုနှင့် စက်ဘီးလမ်းကြောများ ရှိသည့်အပြင် ညပိုင်းတွင် မီးထွန်းပေးထားသဖြင့် စုံတွဲများ၊ မိသားစုများနှင့် ဓာတ်ပုံရိုက်သူများအတွက်လည်း သင့်လျော်သည်။

Leave a Comment

Your email address will not be published. Required fields are marked *