ဟော်မုဇ်ရေလက်ကြားတွင် ဖြတ်သန်းသည့် မည်သည့်ရေယာဉ်မဆို ပစ်မှတ်ထားမည်ဟု အီရန်ပြော

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် မည်သည့်ရေယာဉ်မဆို ပစ်မှတ်ထားမည်ဟု အီရန်စစ်တပ်က ထုတ်ပြန်ပြောကြားလိုက်သည်။ ထို့အပြင် အရေးပါသည့် ရေလမ်းကြောင်းအတွင်း ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘော ၂ စင်းကိုလည်း ထိမှန်ခဲ့ကြောင်း အီရန်ဘက်က ဆိုသည်။
တက်ဆနင်မ် သတင်းဌာန၏ ဖော်ပြချက်အရ ခတ်မ်အလ်အန်ဘီယာ စစ်ကွပ်ကဲရေးက ကြာသပတေးနေ့တွင် “ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် မည်သည့်ရေယာဉ်အသွားအလာမဆို ပစ်မှတ်ထားမည်” ဟု ပြောဆိုခဲ့ပြီး အမေရိကန်က အီရန်ကို ထပ်မံ လေကြောင်းတိုက်ခိုက်ပြီးနောက် ရေလက်ကြားကို “ရေယာဉ်အမျိုးအစားအားလုံးအတွက် လုံးဝပိတ်ထားသည်” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။ အီရန်ပြည်သူ့ရုပ်မြင်သံကြား IRIB နှင့် Mehr သတင်းဌာနတို့ကို ကိုးကား၍ အီရန်ရေတပ်ကလည်း “ဟော်မုဇ်ရေလက်ကြားကို တရားမဝင် ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘော ၂ စင်းကို ထိမှန်ခဲ့သည်” ဟု ထုတ်ပြန်ခဲ့သည်။