ရှီကျင့်ဖျင် မြောက်ကိုရီးယား ခရီးစဉ်မတိုင်မီ အမေရိကန်က နျူကလီးယားဖျက်သိမ်းရေးရည်မှန်းချက်ကို ထပ်မံအလေးထား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ပြီးခဲ့သည့်လ ဘေဂျင်းမြို့တွင် ကျင်းပသည့် ထိပ်သီးတွေ့ဆုံပွဲ၌ မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးကို အတူတကွ လိုလားကြောင်း ထပ်မံအတည်ပြုခဲ့သည်ဟု ပြောကြားလိုက်သည်။ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်အတွင်း ပြုံယမ်းသို့ သွားရောက်မည်ဖြစ်ရာ ယင်းခရီးစဉ် မတိုင်မီ ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်လည်း ဖြစ်သည်။
ပြုံယမ်း၏ တရားဝင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA) ၏ ဖော်ပြချက်အရ ရှီကျင့်ဖျင်သည် လာမည့် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် မြောက်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Yonhap News Agency ၏ မေးမြန်းမှုအပေါ် “ဘေဂျင်းမြို့တွင် သမ္မတ ထရမ့်နှင့် သမ္မတ ရှီတို့သည် မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ကင်းစင်စေမည့် ဘုံရည်မှန်းချက်ကို အတည်ပြုခဲ့ကြသည်” ဟု ပြောကြားခဲ့သည်။
ယင်းမှတ်ချက်များသည် မြောက်ကိုရီးယားကို ပြန်လည်ဆွေးနွေးမှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန်နှင့် နျူကလီးယားဖျက်သိမ်းရေးဘက်သို့ တိုးတက်လာစေရန်တွင် ရှီကျင့်ဖျင်က အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်မည်ဟု ထရမ့်အစိုးရက မျှော်လင့်နေကြောင်း ထင်ဟပ်စေသည်ဟု သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် ကြာသပတေးနေ့တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထရမ့်အစိုးရသည် ပြုံယမ်းနှင့် “ကြိုတင်သတ်မှတ်ချက်မရှိဘဲ” ဆွေးနွေးရန် ဆက်လက်ဖွင့်လှစ်ထားကြောင်း၊ မြောက်ကိုရီးယား၏ “အပြည့်အဝ” နျူကလီးယားဖျက်သိမ်းရေးအပေါ်လည်း ဆက်လက်ကတိကဝတ်ထားရှိကြောင်း ထပ်မံအတည်ပြုခဲ့သည်။