အမေရိကန်နှင့် ဆွေးနွေးမှုတွင် ထင်သာမြင်သာ တိုးတက်မှုမရှိသေးဟု အီရန် နိုင်ငံခြားရေးဝန်ကြီး ပြော

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ္ဗတ်စ် အာရာက်ချီက အမေရိကန်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း အရှေ့အလယ်ပိုင်း စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမှုများတွင် “ထင်သာမြင်သာ တိုးတက်မှု” မရှိသေးကြောင်း ပြောကြားခဲ့သည်။
သတင်းဌာန Tasnim ၏ ဖော်ပြချက်အရ အာရာက်ချီက လက်ဘနွန်နိုင်ငံအခြေစိုက် Al Mayadeen ရုပ်သံသို့ ပြောကြားရာတွင် အမေရိကန်ဘက်နှင့် ဆက်သွယ်မှုများ မပြတ်တောက်သေးကြောင်း၊ ဘေရွတ်မြို့အပေါ် ကျူးကျော်မှုများ ရပ်တန့်ရေး လိုအပ်ကြောင်းကိုလည်း သတင်းစကားများ အပြန်အလှန်ပေးပို့နေကြောင်း ဆိုသည်။ သို့သော် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်တွင် ထင်ရှားသည့် တိုးတက်မှုတစ်စုံတစ်ရာ မမြင်ရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် အီရန်ပြည်သူများ၏ အခွင့်အရေးများကို အာမခံနိုင်ခြင်း၊ လက်ဘနွန်စစ်ပွဲ အဆုံးသတ်ခြင်းနှင့် ဒေသတွင်း တင်းမာမှုများ လျှော့ချနိုင်ခြင်းတို့ ရှိမှသာ ဆွေးနွေးပွဲစားပွဲသို့ ပြန်လည်ရောက်ရှိမည်ဟု အာရာက်ချီက အခြေအနေ သတ်မှတ်ထားကြောင်း သိရသည်။