အီရန်ဒရုန်းတိုက်ခိုက်မှုကြောင့် ကူဝိတ်လေဆိပ် ထိခိုက်၊ လူအချို့ ဒဏ်ရာရ

အီရန်ဘက်မှ ပစ်လွှတ်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ထိခိုက်ပျက်စီးခဲ့ပြီး လူအချို့ ဒဏ်ရာရရှိသဖြင့် ကူဝိတ်အစိုးရက စီးပွားရေးလေယာဉ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Saud Abdulaziz Al-Otaibi က “ရန်လိုသော ဒရုန်းအချို့” သည် Kuwait International Airport ၏ ခရီးသည်ဆောင်အဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံမှာ အကြီးအကျယ် ပျက်စီးခဲ့ပြီး “လူအချို့” ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းဒရုန်းတိုက်ခိုက်မှုသည် အင်္ဂါနေ့ညပိုင်းတွင် အီရန်နှင့် အမေရိကန်တို့ အပြန်အလှန် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆက်တိုက်ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမေရိကန်စစ်တပ်ကလည်း အီရန်က ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများသို့ ပစ်ခတ်ခဲ့သော ဒုံးကျည်များကို တုံ့ပြန်သည့်အနေဖြင့် အီရန်၏ စစ်ရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားသည်။