IEA ပူးတွဲအစီအစဉ်တွင် ပါဝင်ရန် ပုဂ္ဂလိက ရေနံသိုလှောင်မှု စည်းမျဉ်းများကို ကိုရီးယား လျှော့ချမည်

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင်နိုင်ငံများ၏ ပူးတွဲအစီအစဉ်အရ ကတိပြုထားသည့် ရေနံလွှတ်တင်မှုကို ဆောင်ရွက်နိုင်ရန် တောင်ကိုရီးယားအစိုးရက ပုဂ္ဂလိကကဏ္ဍအတွက် ရေနံသိုလှောင်မှု လိုအပ်ချက်များကို လျှော့ချသွားမည်ဖြစ်သည်။
ယင်းအစီအစဉ်အရ ပုဂ္ဂလိက ရေနံသန့်စင်လုပ်ငန်းများသည် လာမည့် သောကြာနေ့မှစ၍ နောက်ထပ် ကြေညာချက် ထုတ်ပြန်မချင်း ပြည်တွင်း ပျမ်းမျှရောင်းအား ၂၀ ရက်စာနှင့် ညီမျှသည့် ရေနံအရံကိုသာ ထားရှိရမည်ဖြစ်သည်။
လက်ရှိတွင် ရေနံသန့်စင်လုပ်ငန်းများအတွက် မဖြစ်မနေ သိုလှောင်ထားရမည့် ရေနံပမာဏမှာ ၄၀ ရက်စာ ဖြစ်သည်။ ယခု လျှော့ချမှုသည် အမေရိကန်-အစ္စရေး၏ အီရန်အပေါ် စစ်ရေးဖိအားကြောင့် ကမ္ဘာ့ရေနံဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကို ထိန်းညှိရန် IEA အဖွဲ့ဝင် ၃၂ နိုင်ငံက ချမှတ်ထားသည့် ပူးတွဲအစီအစဉ်အရ ဇွန် ၉ ရက် မတိုင်မီ မဟာဗျူဟာ ရေနံအရန်မှ ရေနံစည် ၂၂.၄၆ သန်း လွှတ်ပေးမည်ဆိုသည့် ဆိုးလ်အစိုးရ၏ ကတိကို တိတိကျကျ အကောင်အထည်ဖော်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတလုံခြုံရေး ဒုဝန်ကြီး Yang Ghi-wuk က ပြောကြားသည်။
Yang ၏ ပြောကြားချက်အရ ပုဂ္ဂလိက ရေနံသိုလှောင်မှု လိုအပ်ချက်ကို လျှော့ပေးခြင်းဖြင့် ပုဂ္ဂလိက ရေနံသန့်စင်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စွမ်းအင်ထောက်ပံ့မှုကို ဈေးကွက်သို့ ကိုယ်တိုင် လွှတ်တင်နိုင်မည်ဖြစ်သလို IEA ကလည်း ယင်းလုပ်ဆောင်ချက်ကို မဟာဗျူဟာ ရေနံလွှတ်တင်မှုအဖြစ် အသိအမှတ်ပြုထားသည်။ အဆိုပါအစီအစဉ်အရ ဆိုးလ်အစိုးရသည် IEA သို့ ရေနံစည် ၁၂ သန်းခန့် လွှတ်တင်ခဲ့ကြောင်း အစီရင်ခံတင်ပြရန် စီစဉ်ထားသည်။