My

Gen Z လူငယ်များ ‘dopamine sites’ များသို့ လှည့်ကာ ခဏတာ စိတ်သက်သာမှု ရှာဖွေ

Society

Gen Z လူငယ်များ ‘dopamine sites’ များသို့ လှည့်ကာ ခဏတာ စိတ်သက်သာမှု ရှာဖွေ

2026.05.27Zaymy Official80

တောင်ကိုရီးယား လူငယ်များအကြားတွင် အစားအသောက်ပို့ဆောင်ရေးအက်ပ်ပုံစံ အတုဝက်ဘ်ဆိုက်များနှင့် ဆေးလိပ်သောက်နားချိန်ကို တုပထားသည့် အွန်လိုင်းဆိုက်များကဲ့သို့ “dopamine sites” များ ရေပန်းစားလာပြီး ခဏတာ စိတ်ဖိစီးမှု လျှော့ချရာ နေရာများအဖြစ် အသုံးပြုလာကြသည်ဟု ဖော်ပြထားသည်။ တကယ့်ငွေပေးချေမှုမရှိဘဲ အတွေ့အကြုံကိုသာ တုပပေးသည့် ထိုဆိုက်များသည် လူငယ်များအတွက် အပြစ်မရှိသည့် သက်သာခိုက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

အသက် 25 နှစ်အရွယ် ရုံးဝန်ထမ်း Kim က ည 2 နာရီခန့်တွင်ပင် အစားအသောက်ပို့ဆောင်ရေးအက်ပ်ကဲ့သို့ ဒီဇိုင်းဆွဲထားသည့် ဝက်ဘ်ဆိုက်တစ်ခုသို့ ဝင်ကြည့်ပြီး မမှာဘဲ မီနူးများရွေး၊ ကတ်ထဲထည့်ကာ အော်ဒါတင်သလို လုပ်ကြည့်တတ်ကြောင်း ပြောသည်။ “တကယ် အော်ဒါတင်လိုက်သလို ခံစားရတယ်” ဟု သူက ဆိုပြီး၊ ညနက်ပိုင်း အစားအသောက် စားချင်စိတ်ပေါ်လာသော်လည်း ငွေချွေတာရန် မဝယ်ဘဲ တောင့်ခံရသည့်အခါ ထိုဆိုက်ကို ကြည့်နေရုံဖြင့် စိတ်ဖိစီးမှု အနည်းငယ် လျော့သွားကြောင်း ပြောဆိုသည်။

“Dopamine sites” ဆိုသည်မှာ ချက်ချင်းလက်ငင်း လှုံ့ဆော်မှုနှင့် သက်သာမှု ပေးစွမ်းသည့် အွန်လိုင်းနေရာများကို ဆိုလိုခြင်းဖြစ်သည်။ ထိုအထဲမှ တစ်ခုတွင် အစားအသောက်ပို့ဆောင်ရေးအက်ပ်ကို တုပထားပြီး မီနူးကြည့်ခြင်း၊ ပစ္စည်းရွေးချယ်ခြင်း၊ ကတ်ထဲထည့်ခြင်းတို့ကို လုပ်နိုင်သော်လည်း အော်ဒါတင်သည့် အဆင့်မရှိပေ။ အချို့စာရင်းများတွင် ပို့ဆောင်ချိန်နှင့် ကြယ်အဆင့်သတ်မှတ်ချက်များပါ ထည့်သွင်းထားသဖြင့် တကယ့်အက်ပ်တစ်ခုကဲ့သို့ ပိုမိုခံစားရစေသည်။

နောက်ထပ် ဆိုက်တစ်ခုမှာ ကိုရီးယားစကားပြောအသုံးအနှုန်းအရ “smoke break” ကို အခြေခံ၍ အမည်ပေးထားခြင်းဖြစ်ပြီး Start ခလုတ်နှင့်အတူ အွန်လိုင်းတွင် တစ်ချိန်တည်း ရှိနေသူများကို ပြသပေးသည်ဟု သိရသည်။ ဆေးလိပ်မသောက်ဘဲပင် အတူတကွ နားနေသကဲ့သို့ ခံစားရစေပြီး အမည်မသိ အသုံးပြုသူများက “ဒီနေ့လည်း တစ်နေ့ကို ကျော်ဖြတ်နေတယ်”၊ “အိမ်ပြန်ချင်တယ်” စသည့် မက်ဆေ့ချ်များ ချန်ထားကြသဖြင့် အွန်လိုင်း နားနေခန်းတစ်ခုကဲ့သို့ ဖြစ်လာကြောင်း ဖော်ပြထားသည်။

အသက် 24 နှစ်အရွယ် တက္ကသိုလ်ကျောင်းသား Lee ကလည်း စာမေးပွဲကာလများ သို့မဟုတ် အိမ်စာလုပ်ရင်း အာရုံပျက်သည့်အချိန်များတွင် ထိုဆေးလိပ်နားချိန် တုပဆိုက်ကို ဝင်ကြည့်တတ်ကြောင်း ဆိုသည်။ “တကယ် ဆေးလိပ်မသောက်ပေမယ့် တခြားတစ်ယောက်နဲ့အတူ နားနေသလို ခံစားရလို့ ထူးဆန်းပေမယ့် စိတ်သက်သာရာရတယ်” ဟု သူက ပြောပြီး တစ်ယောက်တည်း စာသင်နေချိန်တွင်လည်း တခြားသူများက အခက်အခဲများနှင့် ဖြတ်သန်းနေရသည်ကို မြင်ရသဖြင့် အထီးကျန်မှု လျော့သွားကြောင်း ဆိုသည်။

Jungwon University မှ ပါမောက္ခ Kim Heon-sik ကမူ ထိုသို့သော ဆိုက်များ ပျံ့နှံ့လာခြင်းသည် အမြဲတမ်း လှုံ့ဆော်မှုလိုအပ်နေသည့် အွန်လိုင်းယဉ်ကျေးမှုနှင့် ဆက်နွယ်နေကြောင်း သုံးသပ်သည်။ လူငယ်များအကြား အရက်၊ ဆေးလိပ်၊ အစားအသောက် စသည့်အရာများကို တိုက်ရိုက် မလုပ်ဘဲ ကြည့်ရှုရုံဖြင့် သက်သာမှုရစေသည့် “mukbang” ကဲ့သို့သော အွန်လိုင်းအကြောင်းအရာပုံစံများ ပေါ်ပေါက်လာနေပြီး လက်တွေ့ဘဝတွင် မလုပ်ဘဲ အလားတူ ခံစားချက်နှင့် အငွေ့အသက်ကို ရယူလိုသည့် စိတ်ဆန္ဒကို ထင်ဟပ်စေကြောင်း သူက ပြောသည်။

သူက “အနာဂတ်အပေါ် မသေချာမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ပြင်းထန်လာတဲ့ခေတ် ဖြစ်တယ်။ အခုခေတ် လူတွေက အွန်လိုင်းမှာ ပေါ့ပေါ့ပါးပါး ဆက်နွှယ်နေရုံနဲ့တောင် စိတ်သက်သာမှု ရတတ်လာကြတယ်” ဟု ဆိုသည်။ ထို့ပြင် တခြားသူများ တစ်ချိန်တည်းတွင် အွန်လိုင်းချိတ်ဆက်နေကြသည်ဆိုသည့် အနည်းငယ်သာရှိသော ခံစားချက်တစ်ခုတောင် အထီးကျန်မှုနှင့် စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် လူမှုဆက်ဆံရေးများ မတည်ဆောက်ရဘဲ နေနိုင်ခြင်းကလည်း လူငယ်များအတွက် သက်သာစရာတစ်ခု ဖြစ်ကြောင်း ထောက်ပြထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *