
၄ လသားအရွယ် သားငယ်ကို နှိပ်စက်သတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် မိခင်အပေါ် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ရန် အစိုးရရှေ့နေများက ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။ အဆိုပါအမှုတွင် ခင်ပွန်းဖြစ်သူအတွက်လည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ရန် တောင်းခံထားသည်။
အသက် ၃၀ ကျော်အရွယ် အမျိုးသမီးသည် ပြီးခဲ့သည့်နှစ်က ၎င်း၏ ၄ လသား သားငယ်ကို ရမ်းသမ်းရိုက်နှက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး၊ ထို့နောက် ယွိုဆူးမြို့ရှိ ၎င်းတို့နေအိမ်၏ ရေချိုးကန်ထဲတွင် ထားခဲ့ရာ အောက်တိုဘာ ၂၂ ရက်တွင် အရိုးကျိုးဒဏ်ရာများစွာနှင့် အတွင်းသွေးယိုမှုတို့ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာရှိ ယွိုဆူးမြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှု၌ ခင်ပွန်းသည်လည်း ကလေးအပေါ် ဆက်လက်ဖြစ်ပွားနေသည့် နှိပ်စက်မှုကို မတားဆီးခဲ့ခြင်းနှင့် သက်သေကို ခြိမ်းခြောက်ခဲ့ခြင်း စသည့် စွပ်စွဲချက်များဖြင့် တရားစွဲခံထားရသည်။ ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးစလုံးကို ထိန်းသိမ်းထားပြီး တရားစွဲဆိုထားခြင်း ဖြစ်သည်။
အစိုးရရှေ့နေများက “အရွယ်ရောက်သူတစ်ဦးပင် မခံနိုင်လောက်အောင် နာကျင်စေသည့် နှိပ်စက်မှုအပေါ် နောင်တရခြင်း၊ စိတ်မကောင်းဖြစ်ခြင်း မရှိသဖြင့် ပြင်းထန်သော အပြစ်ပေးမှုသည် မလွဲမသွေ လိုအပ်သည်” ဟု ပြောဆိုသည်။ စုံစမ်းစစ်ဆေးမှုအရ ၎င်းအမျိုးသမီးသည် သြဂုတ် ၂၄ ရက်မှစ၍ သားငယ်အပေါ် နှိပ်စက်မှု ၁၉ ကြိမ်ကျော် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။ ဒေသခံ ရုပ်သံဌာနတစ်ခုက နှိပ်စက်မှုမှတ်တမ်း ဗီဒီယိုကို ထုတ်လွှင့်ပြသပြီးနောက် နိုင်ငံတစ်ဝန်းလုံး၌ ဒေါသတကြီး တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်အမတ်အဖွဲ့တစ်ဖွဲ့က အမျိုးသမီးအပေါ် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ရန် ပန်ကြားစာ တင်သွင်းခဲ့သည်။ အဆိုပါ ဇနီးမောင်နှံ၏ ပြစ်ဒဏ်ချမှတ်ရေး ကြားနာမှုကို ဧပြီ ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။