
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုအတွင်း လာမည့်ရက်အနည်းငယ်သည် အရေးကြီးသည့် အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း ပြောကြားပြီး သဘောတူညီချက် မရရှိပါက တင်းမာမှု ပိုမိုမြင့်တက်လာမည်ဟု တီဟီရန်ကို သတိပေးခဲ့သည်။ တစ်ဖက်တွင် အီရန်၏ တော်လှန်ရေးတပ်ဖွဲ့များက ဒေသတွင်းရှိ အမေရိကန်ကုမ္ပဏီများကို ပစ်မှတ်ထားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
Reuters ၏ ဖော်ပြချက်အရ Hegseth က အင်္ဂါနေ့တွင် ဝါရှင်တန်မြို့၌ ပြောကြားရာတွင် “အခုတော့ ကျွန်တော်တို့ဘက်မှာ ရွေးချယ်စရာတွေ ပိုများလာပြီး သူတို့ဘက်မှာ နည်းလာနေပြီ” ဟု ပြောဆိုခဲ့ပြီး “တစ်လအတွင်း စည်းကမ်းချက်တွေကို ကျွန်တော်တို့က ချမှတ်ထားပြီး၊ လာမယ့်ရက်တွေက ဆုံးဖြတ်ချက်အတွက် အရေးကြီးလိမ့်မယ်” ဟုလည်း ထောက်ပြခဲ့သည်။ အမေရိကန်သမ္မတ Donald Trump ကလည်း အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို မလိုက်နာပါက စွမ်းအင်စက်ရုံများကို ဖျက်ဆီးပစ်မည်ဟု သတိပေးထားပြီး ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်လည်း တောင်းဆိုထားသည်။
အီရန်၏ တော်လှန်ရေးတပ်ဖွဲ့များကမူ အင်္ဂါနေ့တွင် တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အမေရိကန်ကုမ္ပဏီ ၁၈ ခုကို ပစ်မှတ်ထားမည်ဟု ကြေညာခဲ့ပြီး Microsoft, Google, Apple, Intel, IBM, Tesla နှင့် Boeing တို့ ပါဝင်ကြောင်းလည်း ဖော်ပြခဲ့သည်။ ထို့အပြင် ဒူဘိုင်းအနီးတွင် လောင်စာအပြည့်တင်ဆောင်ထားသည့် ရေနံတင်သင်္ဘောတစ်စင်း မီးလောင်ခဲ့ပြီး ယင်းဖြစ်စဉ်သည် အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားအတွင်း ကူးသန်းသွားလာသည့် သင်္ဘောများအပေါ် အီရန်၏ နောက်ဆုံးတိုက်ခိုက်မှုဖြစ်လာခဲ့သည်။
ဒူဘိုင်းအာဏာပိုင်များက ကူဝိတ်အလံတင် Al-Salmi သင်္ဘောပေါ်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံရသော်လည်း မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ရေနံယိုစိမ့်မှု မရှိသလို သင်္ဘောသားများလည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ပြောသည်။ သင်္ဘောပိုင်ရှင် Kuwait Petroleum Corp က သင်္ဘောကိုယ်ထည် ပျက်စီးသွားကြောင်း ပြောကြားခဲ့ပြီး LSEG ဒေတာနှင့် TankerTrackers.com ၏ စောင့်ကြည့်မှုအရ အဆိုပါသင်္ဘောသည် တရုတ်နိုင်ငံ Qingdao မြို့သို့ ဦးတည်နေပြီး ဆော်ဒီရေနံ ၁.၂ သန်းဘားရယ်နှင့် ကူဝိတ်ရေနံ ၈ သိန်းဘားရယ် သယ်ဆောင်ထားကြောင်း သိရသည်။ Reuters ၏ ဖော်ပြချက်အရ Al-Salmi သည် တကယ်တမ်း ရည်ရွယ်ထားသည့် ပစ်မှတ် မဟုတ်နိုင်ကြောင်း၊ အီရန်တော်လှန်ရေးတပ်ဖွဲ့များက အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည်ဟု ဆိုကာ ပင်လယ်ကွေ့အတွင်းရှိ ကွန်တိန်နာသင်္ဘောတစ်စင်းကို ပစ်မှတ်ထားခဲ့ကြောင်း ပြောဆိုသော်လည်း အဆိုပါတိုက်ခိုက်မှုသည် Singapore အလံတင် Haiphong Express သင်္ဘောကို ရည်ညွှန်းနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။
စစ်ရေးပဋိပက္ခသည် ဒေသတစ်ဝန်းသို့ ပိုမိုပြန့်နှံ့လာနေပြီး ထောင်ချီသေဆုံးမှုများ၊ စွမ်းအင်ထောက်ပံ့မှု ချို့ယွင်းမှုများနှင့် ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေနိုင်သည့် အန္တရာယ်များလည်း ပေါ်ပေါက်နေသည်။ အမေရိကန် ဗဟိုစစ်ဌာနက အီရန်၏ စွမ်းရည်များကို ဆက်လက် ဖျက်ဆီးနေကြောင်း ပြောကြားသလို အမေရိကန်ကြည်းတပ်၏ အထူးတပ်ဖွဲ့ 82nd Airborne Division မှ စစ်သားထောင်ချီသည် အရှေ့အလယ်ပိုင်းသို့ စတင်ရောက်ရှိနေပြီဟု Reuters က ဖော်ပြသည်။ ထိုတပ်ဖြည့်အားဖြင့် Trump အနေဖြင့် မြေပြင်စစ်ဆင်ရေးအထိ ရွေးချယ်နိုင်ခြေ ပိုမိုကျယ်ပြန့်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
တစ်ချိန်တည်းမှာပင် ပါကစ္စတန်က ကြားဝင်ညှိနှိုင်းရန် ကြိုးပမ်းနေပြီး တရုတ်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများက အင်္ဂါနေ့တွင် ဘေဂျင်းမြို့၌ တွေ့ဆုံကာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် အမြန်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သို့သော် အီရန်ဘက်ကမူ အမေရိကန်၏ ငြိမ်းချမ်းရေးအဆိုပြုချက်များကို “လက်တွေ့မကျ၊ အကြောင်းပြချက်မရှိ၊ အလွန်အကျွံ” ဟု ပယ်ချထားသည်။
စစ်ပွဲသည် ပိုမိုကျယ်ပြန့်လာနေပြီး ယီမင်ရှိ အီရန်နွယ်ဖွား Houthis အဖွဲ့က အစ္စရေးကို ပစ်ခတ်ဝင်ရောက်လာသကဲ့သို့ တူရကီကလည်း အီရန်မှ ပစ်လွှတ်လိုက်သည့် ဘယ်လစတစ်ဒုံးကျည်တစ်စင်းသည် ၎င်း၏ လေကြောင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ပစ်ချဖျက်ဆီးခဲ့ကြောင်း တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးနှင့် အီရန်ထောက်ခံ လက်ဘနွန်အဖွဲ့ Hezbollah တို့အကြား တိုက်ပွဲများလည်း ပြန်လည်ပြင်းထန်လာပြီး အမေရိကန်စစ်အခြေစိုက်စခန်းများရှိသည့် ပင်လယ်ကွေ့အာရေးဘီယံနိုင်ငံများရှိ ပစ်မှတ်များကိုလည်း အီရန်က တိုက်ခိုက်နေသည်။
အခြားတစ်ဖက်တွင် အီရန်အနောက်မြောက်ပိုင်း Zanjan မြို့ရှိ ရှီအာ ဘာသာရေးစုဝေးခန်းမတစ်ခုကို တိုက်ခိုက်ခံရမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအရာရှိတစ်ဦးက အီရန်မီဒီယာသို့ ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်ကလည်း အင်္ဂါနေ့တွင် တေဟီရန်မြို့တွင်း၌ ညပိုင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒုံးကျည်ခေါင်းထုတ်လုပ်ရေးစက်ရုံ၊ လက်နက်သုတေသနစခန်းများနှင့် ဒုံးကျည်လှုပ်ရှားပစ်လွှတ်စနစ်များကို ထောက်လှမ်းရေးအချက်အလက်များအပေါ် အခြေခံ၍ ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လက်ဘနွန်တောင်ပိုင်းတွင် ၎င်း၏ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ပြီး အင်ဒိုနီးရှားမှ လာသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ဦးလည်း သီးခြားဖြစ်စဉ် ၂ ခုတွင် သေဆုံးခဲ့ကြောင်း သိရသည်။