
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ၂၀၂၇ ခုနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်အဖြစ် ဒေါ်လာ ၁.၅ ထရီလီယံ ခွင့်ပြုရန် ကွန်ဂရက်အမတ်များကို တောင်းဆိုလိုက်သည်။ အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် စစ်အသုံးစရိတ် အရှိန်အဟုန်ဖြင့် မြင့်တက်နေသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတာဝန်များလည်း တိုးလာနေခြင်းကြောင့် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်အရ ပင်တဂွန်၏ အသုံးစရိတ်ကို တစ်နှစ်အတွင်း ၄၀ ရာခိုင်နှုန်းကျော် တိုးမြှင့်မည်ဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး တိုးမြှင့်မှုအဖြစ် ဖော်ပြထားသည်။ ဝါရှင်တန်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျော့ကျသွားသော လက်နက်သိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။
ဤတောင်းဆိုမှုသည် ပဋိပက္ခ ၅ ပတ်မြောက်သို့ ရောက်ရှိလာချိန်တွင် ဘဏ္ဍာရေးဖိအား ပိုမိုကြီးထွားလာနေမှုကို ထင်ဟပ်စေပြီး၊ စစ်အသုံးစရိတ်ကို မည်သို့ ရန်ပုံငွေရှာမည်ဆိုသည့်အပေါ် ကွန်ဂရက်အတွင်း နိုင်ငံရေးတိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာစေသည်။ အမေရိကန်မီဒီယာများက ပိတ်ဆို့ညှိနှိုင်းမှုများ ပါဝင်သည့် ကွန်ဂရက်အစည်းအဝေးအတွင်း ထုတ်ပြန်ချက်များကို ကိုးကား၍ အီရန်စစ်ပွဲ၏ ကုန်ကျစရိတ်မှာ တစ်နေ့လျှင် ဒေါ်လာ ၂ ဘီလီယံအထိ ရှိနိုင်ကြောင်း သတင်းဖော်ပြထားသည်။
အသုံးစရိတ်တိုးမြှင့်မှု၏ တစ်စိတ်တစ်ပိုင်းကို ထေမိစေရန် ထရမ့်က ကာကွယ်ရေးမဟုတ်သော အသုံးစရိတ်များကို ခန့်မှန်းအားဖြင့် ဒေါ်လာ ၇၃ ဘီလီယံ၊ အနီးစပ်ဆုံး ၁၀ ရာခိုင်နှုန်း လျှော့ချရန် အဆိုပြုထားသည်။ ထိုအထဲတွင် “woke” ဟု သတ်မှတ်ထားသည့်၊ ထိရောက်မှုနည်းပြီး အလေအလွင့်ဖြစ်နေသည့် စီမံကိန်းများကို လျှော့ချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရများ၏ တာဝန်များကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ ပြန်လည်လွှဲပြောင်းခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။
သမ္မတက စစ်ကာလတွင် စစ်ရေးရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးရမည်ဟု ပြတ်သားစွာ ပြောကြားထားပြီး၊ ဖက်ဒရယ်အဆင့် လူမှုရေးအစီအစဉ်များကို လျှော့ချရသော်လည်း အရေးပေါ်လိုအပ်ချက်ဖြစ်ကြောင်း အလေးပေးထားသည်။ မကြာသေးမီက ပုဂ္ဂလိကပွဲတစ်ခုတွင် ထရမ့်က “day care, Medicaid, Medicare တို့ကို ကျွန်တော်တို့ မထောက်ပံ့နိုင်ပါ” ဟု ပြောကြားခဲ့ပြီး၊ ထိုတာဝန်များကို ပြည်နယ်အဆင့်တွင် ဖြေရှင်းနိုင်သော်လည်း ဝါရှင်တန်အနေဖြင့် “စစ်ရေးကာကွယ်ရေး” ကို အာရုံစိုက်မည်ဟု ဆိုခဲ့သည်။
ဒီမိုကရက်တစ်ပါတီဘက်က အဆိုပါအဆိုပြုချက်ကို ချက်ချင်း ဝေဖန်ခဲ့ပြီး၊ ဆီးနိတ်ဘတ်ဂျက်တာဝန်ခံ ခေါင်းဆောင် Patty Murray က စစ်ရေးအသုံးစရိတ်ကို အမေရိကန်ပြည်သူများ၏ လိုအပ်ချက်များထက် ဦးစားပေးထားကြောင်း စွပ်စွဲကာ ထရမ့်သည် “အန္တရာယ်ကြီးမားသော နိုင်ငံခြားစစ်ပွဲများ” ကို ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့သည်။ “ဒေါ်နယ်လ် ထရမ့်က အမေရိကန်မိသားစုတွေထက် အရှေ့အလယ်ပိုင်းက ဗုံးတွေကို ပိုက်ဆံပိုသုံးဖို့ ပျော်နေရင်လည်း ကျွန်မတော့ မဟုတ်ပါဘူး” ဟု Murray က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အိမ်ဖြူတော်က အဆိုပါတောင်းဆိုချက်ကို စာမျက်နှာ ၉၂ မျက်နှာပါ အသေးစိတ် ဘတ်ဂျက်အဆိုပြုချက်အဖြစ် ထုတ်ပြန်ခဲ့ပြီး ဖက်ဒရယ်အေဂျင်စီများအလိုက် ဦးစားပေးမူဝါဒများကိုလည်း အကျဉ်းချုပ် ဖော်ပြထားသည်။ အဆိုပါအစီအစဉ်သည် ဥပဒေအရ မဖြစ်မနေ လိုက်နာရမည့်အရာ မဟုတ်ဘဲ ကွန်ဂရက်က အသုံးစရိတ်ဥပဒေများ ရေးဆွဲရာတွင် အစိုးရ၏ ဦးစားပေးမှုများကို ဖော်ပြသည့် သဘောထားထုတ်ပြန်ချက်သာ ဖြစ်သည်။ သို့သော် လွှတ်တော်အမတ်များက ၎င်းကို ပြန်လည်ရေးဆွဲ၊ ငြင်းပယ်နိုင်သည့် အခွင့်အာဏာ ရှိနေသည်။
ထရမ့်က ကာကွယ်ရေးဘတ်ဂျက်၏ အများစုဖြစ်သည့် ဒေါ်လာ ၁.၁ ထရီလီယံကျော်ကို ပုံမှန်ခွဲဝေသုံးစွဲမှု လုပ်ထုံးလုပ်နည်းဖြင့် အတည်ပြုရန် တိုက်တွန်းထားပြီး၊ ထပ်မံဒေါ်လာ ၃၅၀ ဘီလီယံကို ဒီမိုကရက်တစ်ထောက်ခံမှု မလိုအပ်သည့် ပါတီလိုက်နည်းလမ်းတစ်ခုဖြင့် အတည်ပြုရန် ကြိုးပမ်းနေသည်။ ရီပတ်ဘလီကန်ခေါင်းဆောင်များက အဆိုပါနည်းလမ်းကို လက်ခံနိုင်ခြေရှိနေသော်လည်း အချို့လွှတ်တော်အမတ်များက ဖက်ဒရယ်ဘဏ္ဍာရေးလိုငွေကို ပိုမိုနက်ရှိုင်းစေမည်ကို စိုးရိမ်နေကြသည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၏ နှစ်စဉ်လိုငွေပြမှုသည် ဒေါ်လာ ၂ ထရီလီယံနီးပါးအထိ ရှိနေပြီး စုစုပေါင်းကြွေးမြီမှာ ဒေါ်လာ ၃၉ ထရီလီယံကို ကျော်လွန်နေသည်။ ထို့ကြောင့် အသုံးစရိတ်အသစ်များအတွက် ဘဏ္ဍာရေးအကွာအဝေး အကန့်အသတ်ရှိနေပြီး လိုငွေကို ပိုမိုကျယ်ပြန့်စေနိုင်ကြောင်းလည်း သတိပေးထားသည်။
နှစ်ဖက်ပါတီ လွှတ်တော်အမတ်များကလည်း စစ်ရေးဘတ်ဂျက် မြှင့်တင်မည့် ပမာဏ အလွန်ကြီးမားနေမှုကို စိုးရိမ်နေကြပြီး၊ အစိုးရက အီရန်ပဋိပက္ခ၏ အနာဂတ်လမ်းကြောင်းကို အသေးစိတ် မထုတ်ပြန်သေးခြင်းကြောင့် ပိုမိုသံသယရှိနေကြသည်။ အိမ်တွင်းအသုံးစရိတ်များကို လျှော့ချမည့် အကြံပြုချက်များအပေါ်လည်း သံသယရှိနေပြီး၊ အဆိုပါအထဲမှ အများစုကို ကွန်ဂရက်က ယခင်ကပင် ပယ်ချထားပြီး ဖြစ်သည်။
ကာကွယ်ရေးအပြင် ဖက်ဒရယ်ရဲတပ်ဖွဲ့နှင့် ဥပဒေကျင့်သုံးရေးအတွက်လည်း ဘတ်ဂျက်တိုးမြှင့်ရန် အဆိုပြုထားပြီး၊ Justice Department အတွက် ဒေါ်လာ ၄၀ ဘီလီယံကျော် တိုးပေးရန် ပါဝင်သည်။ သို့သော် အဆိုပါအစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ပါက လာမည့် ၁၀ နှစ်အတွင်း ဖက်ဒရယ်ကြွေးမြီကို ထရီလီယံပေါင်းများစွာ ထပ်မံမြင့်တက်စေနိုင်ပြီး၊ စစ်ကာလလိုအပ်ချက်များနှင့် ရေရှည်ဘဏ္ဍာရေးဖိအားများအကြား လွှတ်တော်အမတ်များ ရင်ဆိုင်ရမည့် အပေးအယူများကို ထင်ဟပ်စေသည်။
သို့သော် ရီပတ်ဘလီကန်အချို့က အဆိုပြုချက်ကို ထောက်ခံခဲ့ကြပြီး ကွန်ဂရက် ကာကွယ်ရေးကော်မတီခေါင်းဆောင်များက အသုံးစရိတ်တိုးမြှင့်ခြင်းဖြင့် အမေရိကန်၏ စစ်ရေးအသုံးစရိတ်ကို GDP ၏ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာစေမည်ဟု ဆိုသည်။ ဆီးနိတ်နှင့် အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ကော်မတီများ၏ ဥက္ကဋ္ဌများဖြစ်သော Roger Wicker နှင့် Mike Rogers တို့ကလည်း ထရမ့်အား ပူးတွဲထုတ်ပြန်ချက်တွင် ချီးကျူးကာ မဟာမိတ်များနှင့် လက်တွဲဖက်များအနေဖြင့် မကြာသေးမီက ရရှိထားသော တိုးတက်မှုများကို အခြေခံ၍ ဤစံနှုန်းကို ကျွန်ုပ်တို့နှင့်အတူ ရောက်ရှိစေရန် ရှင်းလင်းသော အချက်ပြမှုတစ်ခု ပေးပို့ခဲ့သည်ဟု ပြောဆိုခဲ့သည်။