Search for similar products on 1688 ❯

My

အီရန်က လုံခြုံသော ဖြတ်သန်းခွင့် အာမခံထားသော်လည်း ဟော်မုဇ်မှ ထွက်ရန် ကြိုးပမ်းသည့် တရုတ်သင်္ဘော ၂ စီး ပြန်လှည့်

အီရန်အာဏာပိုင်တွေက တရုတ်သင်္ဘောတွေကို ဟော်မုဇ်ရေလက်ကြားကနေ လုံခြုံစွာ ဖြတ်သန်းခွင့်ပေးမယ်လို့ ပြောထားပေမယ့် တရုတ်ကုန်တင်သင်္ဘော ၂ စီးဟာ သောကြာနေ့က ပင်လယ်ကွေ့ကနေ ထွက်ခွာဖို့ ကြိုးပမ်းပြီးနောက် ပြန်လှည့်သွားခဲ့ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ဒေတာတွေက ဖော်ပြပါတယ်။ အရှေ့အလယ်ပိုင်း ပင်လယ်ရေကြောင်းလုံခြုံရေး အခြေအနေ မတည်ငြိမ်သေးတဲ့အတွက် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် အန္တရာယ်ကင်းကင်း သွားလာနိုင်မလားဆိုတာ မသေချာသေးကြောင်းလည်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

Reuters ၏ ဖော်ပြချက်အရ COSCO လက်အောက်ခံ Hong Kong အလံတင်သင်္ဘောတွေဖြစ်တဲ့ CSCL Indian Ocean နဲ့ CSCL Arctic Ocean တို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ရေးပဋိပက္ခကြောင့် ပင်လယ်ကွေ့အတွင်း ပိတ်မိနေခဲ့တာပါ။ Kpler ဒေတာပလက်ဖောင်းအရ အဆိုပါသင်္ဘော ၂ စီးဟာ သောကြာနေ့ GMT ၀၃း၅၀ နာရီတွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လှည့်သွားခဲ့ကြောင်း သိရပါတယ်။

COSCO က မတ် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဖောက်သည်အသိပေးချက်ထဲမှာတော့ အာရှမှ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေးဘီးယား၊ ဘာရိန်း၊ ကာတာ၊ ကူဝိတ်နဲ့ အီရတ်နိုင်ငံများသို့ သယ်ဆောင်မယ့် အထွေထွေကုန်အိတ်သင်္ဘော ဘွတ်ကင်တွေကို ပြန်လည်လက်ခံနေပြီလို့ ဖော်ပြထားပါတယ်။ တစ်ဖက်မှာတော့ Tehran နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကလည်း ဗုဒ္ဓဟူးနေ့က X (Twitter) မှာ “တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အီရတ်၊ ပါကစ္စတန်” အပါအဝင် မိတ်ဖက်နိုင်ငံများအတွက် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် ပြုထားကြောင်း ရေးသားခဲ့ပါတယ်။

LSEG ပလက်ဖောင်းဒေတာအရ အဆိုပါသင်္ဘော ၂ စီးစလုံးမှာ AIS စနစ်ပေါ်တွင် တရုတ်ပိုင်ဆိုင်မှုရှိပြီး တရုတ်အဖွဲ့သားများ လိုက်ပါကြောင်း ဖော်ပြထားပါတယ်။ ရှန်ဟိုင်းအခြေစိုက် မိခင်ကုမ္ပဏီ COSCO Shipping ကတော့ ချက်ချင်း မှတ်ချက်မပေးနိုင်သေးပါဘူး။ အခြားတစ်ဖက်တွင် အီရန်နိုင်ငံပိုင် မီဒီယာတွေကလည်း တော်လှန်ရေးအစောင့်တပ်ရေတပ်၏ သတိပေးချက်နောက်ပိုင်း နိုင်ငံသားမတူညီတဲ့ ကွန်တိန်နာသင်္ဘော ၃ စီးကို ဟော်မုဇ်ရေလက်ကြားကနေ ပြန်လှည့်စေခဲ့ကြောင်း သောကြာနေ့က ဖော်ပြခဲ့ပါတယ်။

အီရန်၏ ပင်လယ်ရေကြောင်းပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပင်လယ်ကွေ့အတွင်း သင်္ဘောရာပေါင်းများစွာနဲ့ သင်္ဘောသား ၂၀,၀၀၀ ခန့် ပိတ်မိနေပြီး ဆော်ဒီအာရေးဘီးယားမှ ရေနံစိမ်းတင်ပို့မှုနဲ့ ကာတာမှ အရည်ဓာတ်ငွေ့ (LNG) တင်ပို့မှုတွေကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကြာသပတေးနေ့မှာ အီရန်ဟာ သဘောတူညီမှုရရှိရေး ဆွေးနွေးမှုတွေမှာ ကောင်းမွန်တဲ့ အပြုအမူအဖြစ် ရည်ရွယ်ပြီး ရေနံတင်သင်္ဘော ၁၀ စီးကို ဟော်မုဇ်ကနေ ဖြတ်ခွင့်ပေးနေတယ်လို့ ဆိုခဲ့ပေမယ့် ထိုသင်္ဘောတွေ ဘယ်အမျိုးအစားဖြစ်တယ်၊ အမှန်တကယ် ဖြတ်သန်းသွားပြီးပြီလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လတ်တလောမှာတော့ အိန္ဒိယအလံတင် LPG (ချက်ပြုတ်သုံး သဘာဝဓာတ်ငွေ့) တင်သင်္ဘောအချို့ ထွက်ခွာနိုင်ခဲ့ပြီး ထိုင်းရေနံတင်သင်္ဘောတစ်စီးလည်း အီရန်နှင့် သံတမန်ရေးညှိနှိုင်းဆောင်ရွက်မှုအပြီး ဖြတ်သန်းသွားနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ အရာရှိများနှင့် သင်္ဘောပိုင်ကုမ္ပဏီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားထားပါတယ်။ Lloyd’s List Intelligence နဲ့ Reuters ၏ ခွဲခြမ်းစိတ်ဖြာမှုအရ လွန်ခဲ့တဲ့ တစ်ပတ်အတွင်း သင်္ဘောသွားလာမှုအများစုဟာ အီရန်ရေနံတင်သင်္ဘောတွေ ထွက်ခွာခြင်းနဲ့ အီရန်သို့ စပါးနဲ့ အခြားကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ bulk carrier တွေ ဝင်ရောက်ခြင်းတို့သာ အဓိက ဖြစ်နေပါတယ်။

အီရန်ဘက်ကတော့ အချို့သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးနိုင်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားပေမယ့် ဘယ်သင်္ဘောတွေကို ခွင့်ပြုမယ်ဆိုတာကို Tehran ကပဲ ဆုံးဖြတ်မယ်လို့ ဆိုထားပြီး အမေရိကန်၊ အစ္စရေး သို့မဟုတ် ၎င်းတို့၏ မဟာမိတ်များနှင့် ဆက်နွှယ်သည့် သင်္ဘောတွေကိုတော့ ပိတ်ပင်မယ်လို့ သတိပေးထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်း သောကြာနေ့မှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းပြောဆိုရာတွင် ဟော်မုဇ်ရေလက်ကြားအတွင်း ပုံမှန်ရေကြောင်းသွားလာမှု ပြန်လည်တည်ငြိမ်စေရန် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်ခြင်းက အထောက်အကူ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *