Search for similar products on 1688 ❯

My

အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုကြောင့် စွမ်းအင်အကျပ်အတည်း ပိုမိုနက်ရှိုင်းလာသဖြင့် ဂျပန်က ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှု မြှင့်တင်မည်

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုကြောင့် လောင်စာဆီဈေးနှုန်း မတည်ငြိမ်မှုနှင့် LNG (သဘာဝဓာတ်ငွေ့အရည်) ထောက်ပံ့ရေး မသေချာမှု မြင့်တက်လာသဖြင့် ဂျပန်အစိုးရသည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ယာယီ ဖြေလျှော့ရန် စီစဉ်နေသည်။ ယင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ် ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်သစ်မှစ၍ တစ်နှစ်တာအတွင်း အကောင်အထည်ဖော်မည်ဟု သိရသည်။

ဂျပန် စက်မှုဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ကော်မတီအစည်းအဝေး၌ အဆိုပါအဆိုပြုချက်ကို တင်ပြခဲ့ပြီး ထောက်ခံအတည်ပြုချက် ရရှိခဲ့ကြောင်း ၎င်း၏ ဝဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ အစည်းအဝေးတွင် အစိုးရတာဝန်ရှိသူတစ်ဦးက “အရှေ့အလယ်ပိုင်း အခြေအနေကြောင့် လောင်စာဈေးနှုန်းများ ထိခိုက်နေသဖြင့် အနာဂတ် LNG ဝယ်ယူရေးအပေါ် မသေချာမရေရာမှု ပိုမိုမြင့်တက်လာနေသည်” ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် “လျှပ်စစ်ဓာတ်အားကို တည်ငြိမ်စွာ ပေးနိုင်ရန် ကျောက်မီးသွေးသုံး စက်ရုံများ၏ လည်ပတ်မှုကို တိုးမြှင့်ရန် လိုအပ်လာမည်” ဟု ၎င်းက ဆိုသည်။

ယခင်က ဓာတ်အားပေးကုမ္ပဏီများအား ကာဗွန်ဒိုင်အောက်ဆိုက် အများအပြား ထုတ်လွှတ်သည့် ကျောက်မီးသွေးသုံး အပူစက်ရုံများ၏ လည်ပတ်နှုန်းကို ၅၀ ရာခိုင်နှုန်းထက် မကျော်စေရန် ကန့်သတ်ထားခဲ့သည်။ သို့သော် လက်ရှိအစီအစဉ်အရ အဟောင်းပိုင်းဖြစ်ပြီး ထိရောက်မှုနည်းပါးသော ကျောက်မီးသွေးသုံး စက်ရုံများကိုပါ အပြည့်အဝ လည်ပတ်ခွင့်ပြုမည်ဖြစ်သည်။ ဂျပန်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို အပူစွမ်းအင်စက်ရုံများက ထုတ်လုပ်နေပြီး ၎င်းတို့အသုံးပြုသည့် လောင်စာများအနက် ကျောက်မီးသွေးမှာ ၃၀ ရာခိုင်နှုန်း၊ LNG မှာ ၃၀ ရာခိုင်နှုန်းနှင့် ရေနံမှာ ၇ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

ဤအရေးပေါ်အစီအမံကြောင့် LNG အသုံးစရိတ်ကို ခန့်မှန်းခြေ တန်ချိန် ၅ သိန်းခန့် ချွေတာနိုင်မည်ဟု အရာရှိက ဆိုသည်။ သို့သော် E3G climate think tank မှ Yoko Mulholland က AFP သို့ ပြောကြားရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှုအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ခြင်းသည် ၂၀၃၀ ခုနှစ်အတွင်း ထိရောက်မှုနည်းသော ကျောက်မီးသွေးစက်ရုံများကို ဖယ်ရှားရေး ရည်မှန်းချက် ပြည့်မီရန် ဂျပန်အတွက် အန္တရာယ်ကို ပိုမိုနက်ရှိုင်းစေမည်ဟု သတိပေးခဲ့သည်။ ထို့ပြင် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုသံသရာထဲ၌ ဂျပန်ကို ပိုမိုပိတ်မိစေနိုင်ပြီး ဝန်ကြီးချုပ် Sanae Takaichi ချမှတ်ထားသည့် ပြည်တွင်းစွမ်းအင် ကိုယ်ထူကိုယ်ထ ၁၀၀ ရာခိုင်နှုန်း ရရှိရေး ရည်မှန်းချက်ကိုလည်း နှောင့်နှေးစေနိုင်ကြောင်း သူမက ဆိုသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် အီရန်က အရေးပါသော Hormuz ရေလက်ကြား ကုန်သွယ်ရေးလမ်းကြောင်းကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ခဲ့ပြီး ပင်လယ်ကွေ့ဒေသရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်လာသဖြင့် အာရှနိုင်ငံအများအပြားသည် စီးပွားရေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းရန် ကျောက်မီးသွေးဘက်သို့ လှည့်လာကြသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှု ကန့်သတ်ချက်ကို ရုပ်သိမ်းရန် စီစဉ်နေပြီး နျူကလီးယားစက်ရုံ လည်ပတ်မှုကိုလည်း တိုးမြှင့်မည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံကလည်း ဓာတ်ငွေ့တင်ပို့မှုများ ထိခိုက်နေမှုကြောင့် လျှပ်စစ်ဈေးနှုန်း လျှော့ချနိုင်ရန် ကျောက်မီးသွေးသုံး စက်ရုံထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်ရွယ်နေသည်။

ဂျပန်သည် ကမ္ဘာပေါ်တွင် ရေနံတင်သွင်းမှု အများဆုံး ၅ နိုင်ငံအနက် တစ်နိုင်ငံဖြစ်ပြီး ရေနံတင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းဒေသမှ မှီခိုနေရသည်။ LNG တင်သွင်းမှု၏ ၁၀ ရာခိုင်နှုန်းခန့်လည်း ထိုဒေသမှ လာနေသည်ဟု သိရသည်။ Agency for Natural Resources and Energy ၏ အချက်အလက်အရ တိုကျိုသည် ကျောက်မီးသွေးတင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ဩစတြေးလျနှင့် အင်ဒိုနီးရှားတို့မှ ဝယ်ယူနေသည်။ ထို့အပြင် ဂျပန်အစိုးရက မတ် ၂၇ ရက် ကြာသပတေးနေ့တွင် ရေနံတင်သွင်းမှုဆိုင်ရာ ထောက်ပံ့ရေးအခက်အခဲများ ကြုံနေရသဖြင့် မဟာဗျူဟာမြောက် ရေနံအရန်ပမာဏ၏ အခြားအစိတ်အပိုင်းတစ်ခုကိုလည်း ထုတ်လွှတ်နေကြောင်း ထပ်မံကြေညာခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *