
အရှေ့အလယ်ပိုင်းဒေသတွင် အကျပ်အတည်း ပိုမိုဆိုးရွားလာနေသဖြင့် တင်ပို့ကုန်လုပ်ငန်းရှင်များနှင့် ထိခိုက်ခံရသည့် ကဏ္ဍများကို ထောက်ပံ့ရန် ကိုရီးယား Financial Services Commission (FSC) က မူဝါဒချေးငွေများကို တိုးမြှင့်သွားမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
FSC ၏အဆိုအရ အမေရိကန်-အီရန် ပဋိပက္ခ၏ တိုးတက်မှုအခြေအနေပေါ် မူတည်၍ လက်ရှိ ခန့်မှန်းခြေ ဝမ် ၂၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၉ ဘီလီယံ) ရှိသော မူဝါဒချေးငွေ အစီအစဉ်ကို ထပ်မံတိုးချဲ့သွားမည်ဖြစ်သည်။ ထို့အပြင် အဓိကဘဏ်ကြီးများက ဒေသတွင်းပဋိပက္ခကြောင့် ထိခိုက်သည့် ကုမ္ပဏီများအတွက် ချေးငွေအသစ် ဝမ် ၅၃ ထရီလီယံကျော် ထုတ်ချေးရန် စီစဉ်ထားပြီး၊ ချေးငွေသက်တမ်းတိုးပေးခြင်းနှင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး လျှော့ချနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေသွားမည်ဟု ဆိုသည်။
ထို့ပြင် ဈေးကွက်စောင့်ကြည့်မှုကို ပိုမိုအားကောင်းစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ပါက ဝမ် ၁၀၀ ထရီလီယံကျော်တန်ဖိုးရှိ လက်ရှိ ဈေးကွက်တည်ငြိမ်ရေးအစီအစဉ်ကိုလည်း တိုးချဲ့အသုံးပြုနိုင်ကြောင်း FSC က ပြောကြားသည်။ အားနည်းနေသည့် ကဏ္ဍများမှ ပြဿနာများသည် ကျယ်ပြန့်သော ဘဏ္ဍာရေးစနစ်တစ်ခုလုံးသို့ မကူးစက်စေရန်လည်း အာဏာပိုင်များက ပိုမိုအလေးထားဆောင်ရွက်မည်ဖြစ်ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းများအား ပိုင်ဆိုင်မှုအရည်အသွေးနှင့် ငွေကြေးလက်ငင်းလွှဲပြောင်းနိုင်စွမ်း (liquidity) ကိုလည်း မြှင့်တင်ထားရန် တိုက်တွန်းသွားမည်ဖြစ်သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများအပြီး ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းစစ်ပွဲသည် ပိုမိုပြင်းထန်လာနိုင်သည့် လက္ခဏာများ ပြသနေပြီး ယခုရက်သတ္တပတ်ကုန်တွင် ဟူသီအဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကာ အီရန်အပေါ် တိုက်ခိုက်မှုများ ရပ်မသွားမချင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သတိပေးထားသည်။ အမေရိကန်-အီရန် စစ်ရေးတင်းမာမှုနှင့် ဆက်စပ်သည့် အလားအလာများကြောင့် တောင်ကိုရီးယား၏ ငွေကြေးဈေးကွက်လည်း လှုပ်ခတ်နေကြောင်း သိရသည်။