
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးပဋိပက္ခ ရှည်ကြာလာပါက ယူကရိန်းအပေါ် အမေရိကန်၏ အာရုံစိုက်မှုနှင့် ထောက်ခံမှု လျော့နည်းသွားနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက စိုးရိမ်ကြောင်း ပြောကြားလိုက်သည်။ ထိုသို့ဖြစ်လာပါက ယူကရိန်းအတွက် မဖြစ်မနေ လိုအပ်နေသည့် Patriot လေကြောင်းကာကွယ်ရေးဒုံးစနစ်များ ပို့ဆောင်မှုလည်း လျော့ကျလာနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် စနေနေ့ညက AP သို့ သီးသန့်အင်တာဗျူးပေးစဉ် ဇယ်လန်စကီးက ယူကရိန်းအနေဖြင့် ရုရှား၏ နေ့စဉ် ဒုံးကျည်တိုက်ခိုက်မှုများကို ခုခံရန် U.S.-ထုတ် Patriot စနစ်များ ထပ်မံလိုအပ်နေသေးကြောင်း ပြောသည်။ ရုရှားသည် ယူကရိန်းအပေါ် အပြည့်အဝကျူးကျော်မှု စတင်ပြီး ၄ နှစ်ကျော်အတွင်း ရှေ့တန်းနှင့် နောက်ခံမြို့ပြဒေသများကို မရပ်မနား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ယူကရိန်း၏ စွမ်းအင်ထောက်ပံ့ရေးကွန်ရက်ကိုပါ ပစ်မှတ်ထားကာ ဆောင်းရာသီတွင် ပြည်သူများအတွက် အပူပေးစနစ်နှင့် ရေထောက်ပံ့မှု ပြတ်တောက်စေရန် ကြိုးပမ်းနေကြောင်းလည်း ပြောကြားခဲ့သည်။
“လက်ရှိအခြေအနေမှာ ကျွန်တော်တို့က ဦးစားပေးမဟုတ်ဘူးဆိုတာကို လက်ခံရမယ်” ဟု ဇယ်လန်စကီးက ပြောပြီး “ဒါကြောင့် အီရန်စစ်ပွဲ ရှည်ကြာလာရင် ကျွန်တော်တို့အပေါ် ထောက်ခံမှု ပိုနည်းသွားမယ်လို့ စိုးရိမ်နေရတာပါ” ဟု ထပ်လောင်းပြောကြားသည်။ အမေရိကန်က ကြားဝင်စေ့စပ်ပေးထားသည့် မော်စကိုနှင့် ကီယက်ဗ်တို့၏ နောက်ဆုံးဆွေးနွေးပွဲများမှာ ဖေဖော်ဝါရီလတွင် တိုးတက်မှုမရှိဘဲ ပြီးဆုံးခဲ့သည်။ ယူကရိန်းအနေဖြင့် စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ညှိနှိုင်းသူများနှင့် ဆက်လက်အဆက်အသွယ်ရှိနေပြီး ပိုမိုခိုင်မာသော လုံခြုံရေးအာမခံချက်များကိုလည်း ဆက်လက်တောင်းဆိုနေကြောင်း ၎င်းက ပြောသည်။
ဇယ်လန်စကီး၏ အဓိကစိုးရိမ်ချက်မှာ ရုရှား၏ ballistic missile များကို ကြားဖြတ်ပစ်ချရာတွင် မရှိမဖြစ်လိုအပ်သည့် Patriot စနစ်များ လုံလောက်စွာ မရရှိသေးခြင်းဖြစ်သည်။ အဓိက အစားထိုးနိုင်သည့် စနစ်လည်း မရှိသေးကြောင်း ၎င်းက ဆိုပြီး အမေရိကန်ဘက်က မူလကတည်းက လိုအပ်သလောက် မပို့ဆောင်နိုင်ခဲ့ဟု ပြောသည်။ အီရန်စစ်ပွဲ မကြာမီ မပြီးဆုံးပါက “ကျွန်တော်တို့အတွက် မကြီးမားလှတဲ့ အကူအညီပက်ကေ့ချ်တောင် တစ်နေ့ထက်တစ်နေ့ ပိုသေးငယ်လာမယ်လို့ ထင်တယ်” ဟု ၎င်းက သတိပေးခဲ့သည်။
ယင်းစစ်ပွဲများအကြား အပြန်အလှန် ဆက်နွှယ်မှုရှိကြောင်း ဇယ်လန်စကီးက ထောက်ပြပြီး Patriot စနစ်များ ဝယ်ယူနိုင်ရန် ဥရောပမိတ်ဖက်နိုင်ငံများ၏ အကူအညီကို မျှော်လင့်ထားသော်လည်း စျေးကွက်ထောက်ပံ့မှု တင်းကျပ်ခြင်းနှင့် အမေရိကန်၏ ထုတ်လုပ်နိုင်စွမ်း ကန့်သတ်ချက်များကြောင့် အခက်အခဲရှိနေကြောင်း ပြောသည်။ အီရန်စစ်ပွဲသည် ယခုအခါ ၆ ပတ်မြောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေသကဲ့သို့ အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းကိုလည်း ဆွဲသွင်းလာနေကာ ယူကရိန်းမြို့များကို ballistic strike များမှ ကာကွယ်ရန် သိုလှောင်ထားသည့် စနစ်များကိုပါ အသုံးပြုနေရကြောင်း ၎င်းက ဆိုသည်။
ကီယက်ဗ်၏ အဓိကရည်ရွယ်ချက်မှာ မော်စကို၏ စီးပွားရေးကို ထိခိုက်စေပြီး စစ်ပွဲဆက်လက်ဆင်နွှဲရန် စရိတ်ကြီးမားလာစေရန် ဖြစ်သည်။ သို့သော် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာရာ အဆိုပါ မဟာဗျူဟာကို ထိခိုက်စေပြီး ရုရှားအစိုးရ၏ ရေနံဝင်ငွေကို မြှင့်တင်ကာ စစ်ပွဲဆက်လက်နိုင်စွမ်းကို ပိုမိုခိုင်မာစေကြောင်း ၎င်းက ဆိုသည်။ AP နှင့် အင်တာဗျူးတွင် ဇယ်လန်စကီးက အမေရိကန်၏ ရုရှားရေနံအပေါ် ပိတ်ဆို့အရေးယူမှု အချို့ လျှော့ပေါ့ထားခြင်းကြောင့် ရုရှားသည် စီးပွားရေးအကျိုးအမြတ်ရနေကြောင်း ပြောပြီး “ဒီအခြေအနေကြောင့် ရုရှားက ငွေထပ်ရနေတယ်၊ ဒါကြောင့် သူတို့အတွက် အကျိုးရှိနေတယ်” ဟု ပြောကြားခဲ့သည်။
ယူကရိန်းအပေါ် နိုင်ငံတကာအာရုံစိုက်မှု ဆက်ရှိနေစေရန် ဇယ်လန်စကီးက စစ်မြေပြင်အတွေ့အကြုံများကို အမေရိကန်နှင့် မဟာမိတ်များထံ မျှဝေ၍ အီရန်၏ တိုက်ခိုက်မှုများကို တားဆီးနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ရန် ကမ်းလှမ်းထားသည်။ ယူကရိန်းသည် အီရန်ထုတ် Shahed ဒရုန်းများ၏ တိုက်ခိုက်ပုံများကို နည်းပညာဆန်းသစ်မှုနှင့် စရိတ်နည်းနည်းဖြင့် တုံ့ပြန်နိုင်ခဲ့သည်။ ရုရှားက မူလ Shahed-136 ကို Geran-2 ဟု အမည်ပြောင်းကာ လေကြောင်းကာကွယ်ရေးကို ရှောင်တိမ်းနိုင်စွမ်းနှင့် အမြောက်အများ ထုတ်လုပ်နိုင်မှုကို တိုးမြှင့်ခဲ့ပြီး ယူကရိန်းဘက်ကလည်း ဝင်လာသည့် ဒရုန်းများကို ခြေရာခံ ဖျက်ဆီးနိုင်သည့် စရိတ်နည်း ကြားဖြတ်ဒရုန်းများအပါအဝင် အမြန်ဆုံး တုံ့ပြန်တီထွင်ခဲ့သည်။
ဇယ်လန်စကီးက အီရန်၏ ခြိမ်းခြောက်မှုခံနေရသည့် ပင်လယ်ကွေ့အာရပ်နိုင်ငံများနှင့်လည်း ယူကရိန်း၏ အတွေ့အကြုံ၊ ကြားဖြတ်ဒရုန်းများနှင့် ပင်လယ်ဒရုန်းနည်းပညာများကို မျှဝေရန် အသင့်ရှိကြောင်း ပြောသည်။ အဆိုပါ ပင်လယ်ဒရုန်းများကို အမေရိကန်နှင့် ဥရောပမိတ်ဖက်များ၏ ရန်ပုံငွေဖြင့် ယူကရိန်းက ထုတ်လုပ်နေပြီး သုံးစွဲမှုထက် ပိုမိုထုတ်လုပ်နိုင်နေကြောင်း ဆိုသည်။ အပြန်အလှန်အနေဖြင့် ထိုနိုင်ငံများက ယူကရိန်းကို anti-ballistic missiles များဖြင့် ကူညီနိုင်ကြောင်း ၎င်းက ပြောသည်။ မတ်လနှောင်းပိုင်းတွင် အီရန်စစ်ပွဲ တင်းမာလာချိန်၌ ဇယ်လန်စကီးသည် အီရန်ထုတ် Shahed ဒရုန်းများကို တန်ပြန်နိုင်သည့် ယူကရိန်း၏ ထူးခြားသည့် အတွေ့အကြုံကို မိတ်ဆက်ရန် ပင်လယ်ကွေ့အာရပ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အသစ်များ ရရှိခဲ့ကြောင်း ဆိုသည်။
ထို့ပြင် ဘလက်ပင်လယ်တွင် ရေကြောင်းလမ်းကြောင်းများ လုံခြုံစေခဲ့သည့် အတွေ့အကြုံကို မျှဝေကာ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းကြောင်းများ လုံခြုံရေးတွင် ယူကရိန်းက မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်နိုင်ကြောင်းလည်း ၎င်းက ထုတ်ဖော်ကမ်းလှမ်းထားသည်။ ဇယ်လန်စကီးသည် တူရကီသမ္မတ ရေစပ် တိုင်ယစ် အာဒိုဂန်နှင့် ဆွေးနွေးရန် အစ္စတန်ဘူလ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမတိုင်မီ တစ်ရက်က အာဒိုဂန်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ၎င်းတို့နှစ်ဦးအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အစ္စတန်ဘူလ်တွင် ခေါင်းဆောင်အဆင့် တွေ့ဆုံပွဲ ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြောင်း ဇယ်လန်စကီးက ပြောပြီး မကြာမီကာလအတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေး သဘောတူညီချက်အသစ်များ လက်မှတ်ရေးထိုးနိုင်ကြောင်းလည်း ဆိုသည်။
အခြားတစ်ဖက်တွင် ရုရှားသည် နွေဦးရာသီ ထိုးစစ်ကို ပိုမိုအားဖြည့်နေပြီး ရာသီဥတု ပိုမိုကောင်းမွန်လာသည်နှင့်အမျှ စစ်ပွဲကို တဖြည်းဖြည်း တိုးချဲ့ဆင်နွှဲလေ့ရှိသည်။ သို့သော် ယူကရိန်းမြို့ကြီးများကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ ကျေးလက်ဒေသအချို့တွင်သာ အနည်းငယ် နယ်မြေတိုးတက်မှု ရရှိထားသည်။ ရုရှားက ယူကရိန်း၏ ခန့်မှန်းခြေ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး ၂၀၁၄ ခုနှစ်က သိမ်းယူခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်လည်း ပါဝင်သည်။
ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတစ်လျှောက် ခန့်မှန်းခြေ ၁,၂၅၀ ကီလိုမီတာ (၇၅၀ မိုင်) ရှည်လျားသည့် ရှေ့တန်းမျဉ်းတစ်လျှောက်တွင် အင်အားမလုံလောက်သည့် ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များသည် ရုရှား၏ ပိုမိုကြီးမားသော စစ်တပ်သစ် ထိုးစစ်ကို ပြင်ဆင်ကာကွယ်နေကြသည်။ ယူကရိန်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး Oleksandr Syrskyi ကလည်း ရုရှားတပ်များသည် မကြာသေးမီရက်များအတွင်း မဟာဗျူဟာကျသည့် နယ်မြေများစွာတွင် တပြိုင်နက်တည်း ကာကွယ်ရေးမျဉ်းများကို ဖောက်ထွင်းရန် ကြိုးပမ်းခဲ့ကြောင်း ပြောသည်။ ဇယ်လန်စကီးကမူ နယ်မြေစွန့်လွှတ်ပြီး သဘောတူညီမှုရယူမည့် territorial compromise သည် ယူကရိန်း၏ အစီအစဉ်ထဲတွင် မပါဝင်ကြောင်း တင်းတင်းကျပ်ကျပ် ပြောကြားထားသည်။