My

ဟော်မုဇ်ရေလက်ကြား လမ်းကြောင်းပြောင်း သယ်ယူသည့် ကုန်စည်များအတွက် ပို့ဆောင်စရိတ် တိုးမြင့်မှု အခွန်ကင်းလွတ်ခွင့် ပေးမည်

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် လမ်းကြောင်းပြောင်း၍ တင်သွင်းရသည့် ကုန်ပစ္စည်းများအပေါ် တိုးမြင့်လာသော ပို့ဆောင်စရိတ်ကို အခွန်ကောက်ခံရာတွင် ကင်းလွတ်ခွင့်ပေးမည်ဟု တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်တွင် ကြေညာသည်။ ယင်းအစီအမံသည် ထောက်ပံ့ရေးကွင်းဆက် အခက်အခဲများကို လျှော့ချရန် ရည်ရွယ်ထားသည့် စည်းမျဉ်းပြင်ဆင်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလကုန်ပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်း၏ အရေးပါသော သင်္ဘောလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားသည် လက်တွေ့အားဖြင့် ပိတ်ဆို့သွားခဲ့သည်။ ထို့နောက် ပြည်တွင်းကုမ္ပဏီများသည် အခြားလမ်းကြောင်းများ သို့မဟုတ် သယ်ယူပို့ဆောင်ရေးနည်းလမ်းများကို အသုံးပြုကာ ကုန်ပစ္စည်းများကို လမ်းကြောင်းပြောင်း တင်သွင်းရသည့်အခါ ပိုမိုကုန်ကျလာသော ပို့ဆောင်စရိတ်ကို အခွန်တွက်ချက်ရာတွင် မထည့်သွင်းနိုင်ရန် ခွင့်ပြုမည်ဖြစ်သည်။ အစိုးရက အကောက်ခွန်ဥပဒေ၏ အကောင်အထည်ဖော်ရေးအမိန့်ကို ပြင်ဆင်ကာ ယခင်ကတည်းက ပို့ဆောင်စရိတ် မြင့်တက်မှုဒဏ်ကို ခံစားခဲ့ရသည့် တင်သွင်းကုန်များကိုလည်း နောက်ကြောင်းပြန် အကျိုးသက်ရောက်စေမည်ဟု ဆိုသည်။

ထို့အပြင် ကုန်စည်ထောက်ပံ့မှု မတည်ငြိမ်မှုကြောင့် အမှိုက်အိတ်များ၏ အရည်အသွေးစစ်ဆေးရေးကာလကို လက်ရှိ ၁၀ ရက်မှ ၁ ရက်အတွင်းအထိ လျှော့ချသွားမည်ဖြစ်သည်။ ပေါလီအီသလင်းဈေးနှုန်း မြင့်တက်လာမှုကြောင့် အမှိုက်အိတ်များကို စုပုံဝယ်ယူ သိုလှောင်နေသည့် အခြေအနေ ပိုမိုမြင့်တက်လာနေကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အသစ်တင်သွင်းလာသည့် ဓာတုပစ္စည်းများအတွက်လည်း သုံးလကျော် ကြာမြင့်တတ်သည့် အန္တရာယ်ရှိ ပစ္စည်းစစ်ဆေးမှု လုပ်ငန်းစဉ်အစား ရိုးရှင်းသည့် စမ်းသပ်အစီအစဉ် တင်သွင်းရုံဖြင့် လုပ်ထုံးလုပ်နည်းကို အစားထိုးမည်ဟု ဆိုသည်။ ပထမဘဏ္ဍာရေးဒုဝန်ကြီး လီ ဟျောင်းအီလ်ကလည်း “စည်းမျဉ်းပြင်ဆင်မှုတွေဟာ တစ်ကြိမ်တည်းနဲ့ အဆုံးသတ်မသွားဘဲ ရေရှည်တည်တံ့အောင် ဆက်လက်ဆောင်ရွက်သွားမယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *