
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောများအပေါ် အီရန်၏ “အခွန်ကောက်ခံရေး” အစီအစဉ် မစတင်နိုင်ရေး ကမ္ဘာ့နိုင်ငံများအနေဖြင့် ပူးပေါင်းတားဆီးကြရန် တိုက်တွန်းလိုက်သည်။ ထို့ပြင် မဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးရာတွင် ယင်းခြိမ်းခြောက်မှုကို ဆန့်ကျင်ရာ၌ တိုးတက်မှုရှိခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် သောကြာနေ့က ကျင်းပသည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရူဘီယိုက “ဒီလိုလုပ်ရပ်ဟာ တရားမဝင်သလို လက်မခံနိုင်ပါဘူး၊ ကမ္ဘာကြီးအတွက်လည်း အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေဘက်ကလည်း ဒီအရာကို ရင်ဆိုင်တုံ့ပြန်မယ့် အစီအစဉ် ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။ ၎င်းက G7 ဆွေးနွေးပွဲအတွင်း အီရန်၏ အဆိုပါအစီအစဉ်ကို ကန့်ကွက်ရာတွင် “အထောက်အပံ့အများအပြား” ရရှိခဲ့ကြောင်းလည်း ဆိုသည်။