Search for similar products on 1688 ❯

My

ဟန်ဝါ အာရိုစပေ့စ်က Poongsan ၏ လက်နက်ခဲယမ်းလုပ်ငန်းကို ဝယ်ယူရန် ကြိုးပမ်း

တောင်ကိုရီးယား ကာကွယ်ရေးလုပ်ငန်းကြီး ဟန်ဝါ အာရိုစပေ့စ်( Hanwha Aerospace ) သည် ပြည်တွင်းလက်နက်ထုတ်လုပ်သူ Poongsan ၏ လက်နက်ခဲယမ်းလုပ်ငန်းကို ဝယ်ယူရန် နောက်ဆုံးလေလံတင်သွင်းထားကြောင်း သိရပြီး၊ အဆိုပါသဘောတူညီမှု အကောင်အထည်ပေါ်လာပါက ကုမ္ပဏီအနေဖြင့် လက်နက်ထုတ်လုပ်မှုကဏ္ဍတစ်ခုလုံးသို့ ပိုမိုကျယ်ပြန့်စွာ တိုးချဲ့နိုင်မည့် အခြေအနေဖြစ်လာမည်ဟုလည်း လုပ်ငန်းနယ်ပယ်တွင် သုံးသပ်နေကြသည်။

လုပ်ငန်းနယ်ပယ်သတင်းရင်းမြစ်များအရ ဟန်ဝါ အာရိုစပေ့စ်သည် သောကြာနေ့တွင် Poongsan ၏ ခဲယမ်းဌာနခွဲအတွက် ပြုလုပ်သည့် ပုဂ္ဂလိကလေလံစနစ်၌ နောက်ဆုံးလေလံတင်သွင်းခဲ့သည်။ အဆိုပါဌာနခွဲသည် အသေးစားကျည်ဆန်များမှ အကြီးစား အမြောက်ကျည်များအထိ ထုတ်လုပ်နေပြီး K9 ကိုယ်တိုင်တွန်းအမြောက်တွင် အသုံးပြုသည့် 155 မီလီမီတာ ကျည်များ ထုတ်လုပ်ရာ၌လည်း လူသိများသည်။ K9 စနစ်ကို ပိုလန်နှင့် ရိုမေးနီးယားအပါအဝင် နိုင်ငံအချို့သို့ တင်ပို့ထားပြီး ဖြစ်သည်။

လက်ရှိလုပ်ငန်းစဉ်တွင် ဟန်ဝါ အာရိုစပေ့စ် တစ်ခုတည်းသာ အမှန်တကယ် ယှဉ်ပြိုင်နေသည့် လေလံဆွဲသူအဖြစ် တွေ့ရကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။ ဝယ်ယူမှု အပြီးသတ်နိုင်ပါက ကုမ္ပဏီအနေဖြင့် ခဲယမ်းထုတ်လုပ်မှု၊ လက်နက်ပလက်ဖောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တင်ပို့ရေးတို့ကို တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်မည့် ဒေါင်လိုက်ပေါင်းစည်းမှုကို ရရှိလာနိုင်သည်။ သို့သော် ဟန်ဝါ အာရိုစပေ့စ်ကမူ ထုတ်ဖော်မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Poongsan ဘက်ကတော့ ကုမ္ပဏီနှင့် ရှယ်ယာရှင်တန်ဖိုး မြှင့်တင်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို စဉ်းစားနေကြောင်း၊ ပြန်လည်ဖွဲ့စည်းရေးလည်း ပါဝင်ကြောင်း ပြောဆိုထားသော်လည်း မည်သည့်ဆုံးဖြတ်ချက်မှ မချရသေးကြောင်း သတိထားသည့် အနေအထားကို ထိန်းသိမ်းထားသည်။ လုပ်ငန်းနယ်ပယ်အတွင်း လေ့လာသူများကလည်း ထိုပြောဆိုချက်များ၏ မရှင်းလင်းမှုကြောင့် Poongsan ဥက္ကဋ္ဌ Ryu Jin ၏ အသက် ၃၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား Royce Ryu သည် ကုမ္ပဏီစီမံခန့်ခွဲမှုတာဝန်များကို ယူနိုင်ရန် အခြေအနေဖန်တီးပေးသည့် လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။ ကိုရီးယားဥပဒေအရ နိုင်ငံခြားသားများသည် ကာကွယ်ရေးကုမ္ပဏီများကို ဦးဆောင်ခွင့်မရှိသည့် ကန့်သတ်ချက်နှင့်လည်း ဆက်စပ်နိုင်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်နေသည်။

သုံးသပ်သူများက Poongsan သည် ပြည်တွင်းခဲယမ်းဈေးကွက်တွင် အားကောင်းသည့် အနေအထားရှိနေသဖြင့် ငွေသားအားကောင်းသည့် ကာကွယ်ရေးကုမ္ပဏီများအပါအဝင် ဝယ်ယူလိုသူများစွာ ဆွဲဆောင်နိုင်ကြောင်း ဆိုသည်။ KB Securities မှ သုံးသပ်သူ Choi Yong-hyun ကလည်း ကာကွယ်ရေးလုပ်ငန်းကဏ္ဍ အားကောင်းနေချိန်တွင် ခဲယမ်းလုပ်ငန်းကို အမြတ်ပိုမိုထည့်သွင်း၍ ရောင်းချခြင်းသည် အကြီးဆုံးရှယ်ယာရှင်၏ ရှုထောင့်မှကြည့်လျှင် သင့်လျော်ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

Poongsan သည် 2022 ခုနှစ်တွင်လည်း ခဲယမ်းလုပ်ငန်းအတွက် သီးသန့် 100% ပိုင်ဆိုင်သည့် လုပ်ငန်းခွဲတစ်ခု ဖွဲ့စည်းရန် ကြိုးပမ်းခဲ့ဖူးပြီး ထိုစဉ်ကပင် ရောင်းချမည့် အလားအလာအပေါ် ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။ သို့သော် အစုရှယ်ယာငယ်ရှင်များက ရှယ်ယာတန်ဖိုး ကျဆင်းနိုင်မည်ကို စိုးရိမ်ကာ ကန့်ကွက်ခဲ့သဖြင့် အဆိုပါအစီအစဉ်ကို နောက်ဆုံးတွင် ရပ်ဆိုင်းခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *