
တစ်နှစ်ပတ်လုံး ဝယ်ယူရရှိနိုင်သည့် သခွားသီးသည် ဧပြီလမှ ဇူလိုင်လအတွင်း စားသုံးရန် ပိုမိုသင့်တော်သည့် ကာလဖြစ်ပြီး၊ ကိုယ်အလေးချိန် ထိန်းချုပ်ရာတွင်သာမက အရိုးကျန်းမာရေး၊ သွေးတွင်းသကြားဓာတ် ထိန်းညှိရေးနှင့် ရေဓာတ် ဖြည့်တင်းရေးတို့အတွက်ပါ အကျိုးကျေးဇူးများစွာ ရှိကြောင်း ဖော်ပြထားသည်။
သခွားသီး တစ်လုံးတွင် အရိုးဖွဲ့စည်းမှုနှင့် သွေးခဲမှုအတွက် အရေးပါသည့် ဗီတာမင် K ကို နေ့စဉ်လိုအပ်ချက်၏ ထက်ဝက်ကျော်အထိ ပံ့ပိုးပေးနိုင်သည်။ ဗီတာမင် K သည် ကယ်လစီယမ်ကို အရိုးတွင်း၌ ကောင်းစွာ ပေါင်းစည်းစေသဖြင့် အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို သွေးကြောအတွင်း ကယ်လစီယမ် စုပုံမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ သခွားသီးသည် ကယ်လိုရီနည်းပြီး အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်တို့ ပါဝင်သည့်အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူများနှင့် ထိန်းသိမ်းလိုသူများအတွက် သင့်တော်သည်။ အမျှင်ဓာတ် အများစုမှာ အခွံထဲ၌ ပါဝင်နေသဖြင့် အခွံမဖယ်ဘဲ စားသုံးရန် အာဟာရပညာရှင်များက အကြံပြုထားသည်။
သွေးတွင်းသကြားဓာတ် ထိန်းညှိရေးအတွက်လည်း သခွားသီးသည် glycemic index (GI) ခန့်မှန်း 15 သာရှိသည့် အစားအစာဖြစ်သဖြင့် သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု နည်းပါးသည်။ ထို့ကြောင့် ဆီးချိုရောဂါကို ထိန်းချုပ်နေသူများအတွက်သာမက ဆီးချိုမဖြစ်စေရန် ကြိုတင်ကာကွယ်လိုသူများအတွက်ပါ သင့်တော်သည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။ သခွားသီး၏ 95 ရာခိုင်နှုန်းခန့်မှာ ရေဖြစ်သဖြင့် ရေဓာတ် ဖြည့်တင်းရာတွင် အထောက်အကူပြုပြီး သခွားသီး 120 ဂရမ် စားသုံးပါက ရေ 114 ဂရမ် သောက်သုံးသကဲ့သို့ အကျိုးသက်ရောက်မှု ရရှိနိုင်ကြောင်း ဆိုသည်။ ထို့အပြင် သခွားသီးအတွင်းရှိ ရေဓာတ်၊ အမျှင်ဓာတ်နှင့် အစေ့တို့ ပေါင်းစပ်မှုက အူလှုပ်ရှားမှုကို ကူညီပေးပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်သည်။ အရေပြားပေါ် လိမ်းပေးသည့်အခါတွင်လည်း အပူလောင်နာ သို့မဟုတ် ယားယံနေသည့် အရေပြားကို အေးမြစေပြီး ရောင်ရမ်းမှု လျှော့ချပေးနိုင်ကြောင်း ဆိုထားသည်။ သခွားသီးကို ရွေးချယ်ရာတွင် အလွန်မထူဘဲ ရှည်လျားသွယ်လျသည့် အလုံးမျိုး၊ တံညှာဘက် လတ်ဆတ်ပြီး အသားတင်းရင်းသည့် အလုံးမျိုးကို ရွေးသင့်သည်။ ထို့နောက် သတင်းစာဖြင့် တစ်လုံးချင်းစီ ထုပ်ကာ ရေခဲသေတ္တာအတွင်း သိမ်းဆည်းပြီး တံညှာဘက်ကို အပေါ်ဘက်ထားပါက 10 ရက်အထိ ခံနိုင်ကြောင်း ဖော်ပြထားသည်။