
အီရန်စစ်ပွဲ မည်သည့်အချိန်တွင် ရပ်စဲမည်ဆိုသည်မှာ မရေရာသေးသဖြင့် ရေနံဈေးများ ဆက်လက်မြင့်တက်နေပြီး၊ တနင်္လာနေ့တွင် အမေရိကန်စတော့ဈေးကွက်များ မတည်မငြိမ်ဖြစ်နေသော်လည်း အနည်းငယ် မြင့်တက်ခဲ့သည်။ S&P 500၊ Dow Jones နှင့် Nasdaq တို့မှာ အစောပိုင်းတွင် တက်ကျလှုပ်ရှားမှုများ ရှိခဲ့ပြီး ဈေးကွက်အတွင်း သတိထားရမည့် လေသဘာဝလည်း ဆက်လက်တည်ရှိနေသည်။
နယူးယောက်ဈေးကွက်ဖွင့်ချိန်တွင် S&P 500 သည် 0.5% တက်လာခဲ့ပြီး၊ ယခင်အပတ်အတွင်း အီရန်စစ်ပွဲစတင်ခဲ့ချိန်ကတည်းက အဆိုးရွားဆုံး အပတ်ကို ကျော်ဖြတ်လာခြင်းဖြစ်သည်။ နယူးယောက်အချိန် မနက် 11:50 အထိ Dow Jones Industrial Average သည် 411 မှတ်၊ သို့မဟုတ် 0.9% မြင့်တက်ခဲ့ပြီး Nasdaq Composite က 0.4% တက်ခဲ့သည်။ ဥရောပဈေးကွက်အများစုလည်း တက်လာခဲ့သော်လည်း အာရှဈေးကွက်အချို့တွင် အပြင်းအထန် ကျဆင်းမှုများ ရှိခဲ့သည်။ ဇွန်လပို့ Brent ရေနံစိမ်း တစ်စည်ဈေးနှုန်းမှာလည်း 1.9% တက်ကာ 107.28 ဒေါ်လာအထိ ရောက်ရှိခဲ့သည်။
အစ္စရေးနှင့် အီရန်ကြား စစ်ရေးတင်းမာမှုအတွင်း ယီမင်ရှိ ဟူသီသူပုန်များပါ ပါဝင်တိုက်ခိုက်လာခြင်းကြောင့် အခြေအနေ ပိုမိုရှုပ်ထွေးလာပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အဓိက စိုးရိမ်ရသည့် အချက်မှာ ပါရှန်ပင်လယ်ကွေ့မှ ကမ္ဘာ့ဈေးကွက်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးဆင်းမှု ပုံမှန်ပြန်ဖြစ်နိုင်ခြေ ရှိမရှိနှင့် ငွေကြေးဖောင်းပွမှု ပြင်းထန်လာမှုကို တားဆီးနိုင်မနိုင် ဆိုသည့်အချက်ဖြစ်သည်။ တနင်္လာနေ့ ဈေးကွက်မဖွင့်မီ သမ္မတ ဒေါ်နယ်လ် ထရမ့်ကလည်း ၎င်း၏ လူမှုကွန်ရက်တွင် အီရန်မြေပြင်စစ်ဆင်ရေး အဆုံးသတ်ရေးအတွက် “အသစ်နှင့် ပိုမိုလက်ခံနိုင်ဖွယ်ရှိသော အစိုးရ” နှင့် “တိုးတက်မှုကြီး ရရှိထားသည်” ဟု ပြောကြားခဲ့သည်။ သို့သော် သဘောတူညီချက် မရရှိပါက အီရန်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “လုံးဝဖျက်ဆီးပစ်မည်” ဟုလည်း ခြိမ်းခြောက်ခဲ့ပြီး၊ ရေနံစီးဆင်းမှုအတွက် အရေးကြီးသော ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းဖွင့်ပေးရန် တောင်းဆိုခဲ့သည်။
ထရမ့်၏ ကြေညာချက်များကြောင့် ဈေးကွက်အပေါ် မျှော်လင့်ချက်အချို့ ပြန်လည်မြင့်တက်လာခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ပွဲအဆုံးသတ်မည့်အချိန်အပေါ် သံသယများ ပြန်လည်မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူအချို့က ထရမ့်၏ ပြောကြားချက်များကို ယခင်ကလောက် အလေးထားမနေတော့ကြောင်း ပြောဆိုနေကြသော်လည်း စတော့ဈေးနှုန်းများမှာ စစ်ပွဲမဖြစ်မီကထက် စျေးသက်သာနေဆဲဖြစ်ပြီး ဝယ်ယူရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေသူများလည်း ရှိနေသည်။ S&P 500 သည် ဇန်နဝါရီလက ရောက်ရှိခဲ့သည့် သမိုင်းဝင် အမြင့်ဆုံးအမှတ်ထက် 8.7% နိမ့်ကျနေပြီး Dow နှင့် Nasdaq တို့မှာလည်း စံချိန်များထက် 10% ကျော် နိမ့်ကျနေသဖြင့် ဘဏ္ဍာရေးကျွမ်းကျင်သူများက “correction” အခြေအနေဟု သတ်မှတ်ကြသည်။ Morgan Stanley မှ မဟာဗျူဟာရေးဆွဲသူများ၏ တွက်ချက်မှုအရ S&P 500 သည် ရှေ့နှစ် အကျိုးအမြတ် တိုးလာမည့် မျှော်လင့်ချက်များကို ထည့်တွက်ပါက စစ်ပွဲမဖြစ်မီကထက် 17% ခန့် စျေးသက်သာနေပြီး Michael Wilson ဦးဆောင်သည့် အဖွဲ့ကလည်း S&P 500 ၏ correction သည် အဆုံးသတ်အဆင့်သို့ နီးကပ်လာနေကြောင်း အထောက်အထားများ ပိုမိုတွေ့လာရသည်ဟု သုံးသပ်ထားသည်။
သို့သော် ဗဟိုဘဏ်က ရေနံဈေးများ အချိန်ကြာမြင့်စွာ မြင့်နေမည်ဟု ယူဆပါက အတိုးနှုန်းတင်ရန် ဆုံးဖြတ်နိုင်သဖြင့် ဈေးကွက်အတွက် အနှောင့်အယှက်ဖြစ်လာနိုင်သည်။ အတိုးနှုန်းမြင့်တက်ခြင်းသည် ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေသော်လည်း စီးပွားရေးတိုးတက်မှုကို နှေးကွေးစေပြီး ရင်းနှီးမြှုပ်နှံမှု အမျိုးအစားအမျိုးမျိုး၏ ဈေးနှုန်းများကို ဖိအားပေးနိုင်သည်။ စစ်ပွဲစတင်ကတည်းက စိုးရိမ်မှုများကြောင့် အမေရိကန်အစိုးရငွေချေးစာချုပ် အကျိုးအမြတ်နှုန်းများ (Treasury yields) မြင့်တက်ခဲ့သော်လည်း တနင်္လာနေ့တွင် အနည်းငယ် ပြန်ကျလာသည်။ 10 နှစ်သက်တမ်း Treasury yield သည် သောကြာနေ့နောက်ဆုံးအကြိမ် 4.44% မှ 4.33% သို့ ကျဆင်းခဲ့ပြီး စစ်ပွဲမဖြစ်မီက 3.97% နှင့်နှိုင်းယှဉ်လျှင် တော်တော်မြင့်နေဆဲဖြစ်သည်။ အကျိုးအမြတ်နှုန်း ကျဆင်းခြင်းက အိမ်ခြံမြေလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေပြီး Alexandria Real Estate ၏ ရှယ်ယာမှာ 2.5% တက်ခဲ့သည်။
အလူမီနီယံကုမ္ပဏီကြီး Alcoa က အရှေ့အလယ်ပိုင်းရှိ ပြိုင်ဘက်စက်ရုံအချို့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီးနောက် လုပ်ငန်းပိုမိုရရှိနိုင်မည့် အလားအလာရှိကြောင်း မျှော်လင့်ချက်ကြောင့် 12.4% ခုန်တက်ခဲ့သည်။ အခြားတစ်ဖက်တွင် Sysco က Jetro Restaurant Depot ကို 21.6 ဘီလီယံဒေါ်လာ ငွေသားဖြင့် ဝယ်ယူပြီး Sysco ရှယ်ယာအချို့လည်း ထည့်သွင်းကာ ကုမ္ပဏီတန်ဖိုးကို ခန့်မှန်းအားဖြင့် 29.1 ဘီလီယံဒေါ်လာအထိ သတ်မှတ်လိုက်ကြောင်း ကြေညာပြီးနောက် 13.1% ကျဆင်းခဲ့သည်။ နိုင်ငံတကာဈေးကွက်များတွင် လန်ဒန် FTSE 100 သည် 1.4% တက်လာပြီး ပဲရစ် CAC 40 က 0.9% မြင့်တက်ခဲ့သည်။ ထို့အပြင် ဆိုးလ် Kospi က 3%၊ တိုကျို Nikkei 225 က 2.8% နှင့် ဟောင်ကောင် Hang Seng က 0.8% ကျဆင်းခဲ့ကြောင်း သိရသည်။