Search for similar products on 1688 ❯

My

“မဟာဗျူဟာမဲ့ မဟာဗျူဟာ” — ဆိုးလ်၏ မြောက်ကိုရီးယားမူဝါဒ ဘယ်လမ်းကြောင်းသို့ ဦးတည်နေသနည်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏ မြောက်ကိုရီးယားမူဝါဒသည် ရည်မှန်းချက်၊ လက်တွေ့အသုံးချနိုင်သည့် နည်းလမ်းများနှင့် လက်ဝယ်ရှိအရင်းအမြစ်များအကြား မကိုက်ညီမှုကြောင့် မူဝါဒရေးရာ အကျပ်အတည်းတစ်ရပ်အဖြစ် ပြောင်းလဲနေကြောင်း ဆောင်းပါးရှင် ပတ်ဂျင်ဝမ်က သုံးသပ်ထားသည်။ နျူကလီးယားဖျက်သိမ်းရေးကို အဓိကရည်မှန်းချက်အဖြစ် ဆက်လက်ထားရှိသော်လည်း လက်ရှိအခြေအနေတွင် ဆိုးလ်အတွက် ပိုမိုလက်တွေ့ကျသည့် ရည်မှန်းချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

အမေရိကန် စစ်တက္ကသိုလ်မှ အငြိမ်းစားဗိုလ်မှူးကြီး Arthur Lykke ၏ “strategy is the balance of ends, ways and means” ဟူသော မဟာဗျူဟာ သဘောတရားကို အခြေခံ၍ ဆောင်းပါးက တောင်ကိုရီးယား၏ မြောက်ကိုရီးယားမူဝါဒကို ဆန်းစစ်ထားသည်။ Lykke ၏ အဆိုအရ “ends” သည် ရည်မှန်းချက်၊ “ways” သည် ထိုရည်မှန်းချက်သို့ ရောက်ရှိရန် လုပ်ဆောင်မည့်နည်းလမ်း၊ “means” သည် အသုံးပြုနိုင်သည့် အရင်းအမြစ်များ ဖြစ်သည်။ ၎င်းတို့ မညီညွတ်ပါက မဟာဗျူဟာသည် အလွဲအချော်ဖြစ်လာကြောင်း ဆောင်းပါးက ထောက်ပြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဆိုးလ်၏ အဓိကရည်မှန်းချက်မှာ မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးဖြစ်ပြီး၊ ပြုံယမ်း၏ နျူကလီးယားအစီအစဉ်ကို လုံးဝ၊ စိစစ်အတည်ပြုနိုင်သည့်ပုံစံဖြင့်၊ ပြန်လည်မဖြစ်နိုင်အောင် ဖျက်သိမ်းရန်ကို ဆိုလိုသည်။ ထိုရည်မှန်းချက်သည် ဆိုးလ်အစိုးရအဆက်ဆက်၏ တရားဝင်မူဝါဒအဖြစ် ဆက်လက်တည်ရှိနေပြီး ဝါရှင်တန်နှင့် ပူးတွဲထုတ်ပြန်ချက်များတွင်လည်း အထပ်ထပ် အတည်ပြုထားသည်။ သို့သော် လက်ရှိတွင် ရရှိနိုင်သည့် နည်းလမ်းများနှင့် အရင်းအမြစ်များကို ကြည့်ပါက ရည်မှန်းချက်နှင့် လက်တွေ့ကိရိယာများအကြား ကွာဟချက် ပိုမိုကျယ်ပြန့်လာနေကြောင်း ဆောင်းပါးက ဆိုသည်။

ပထမနည်းလမ်းမှာ သံတမန်ရေးဖြစ်သည်။ ဆွေးနွေးညှိနှိုင်းရန်အတွက် အနည်းဆုံးပင် ပြုံယန်းနှင့် အလုပ်လုပ်နိုင်သည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု လိုအပ်သော်လည်း ယခုအချိန်တွင် ထိုလမ်းကြောင်းမှာ မလှုပ်ရှားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးမှုများ ရပ်တန့်နေပြီး ဆိုးလ်က “pacemaker” အဖြစ် ဆောင်ရွက်လိုကြောင်း ပြောဆိုနေသော်လည်း ဝါရှင်တန်နှင့် ပြုံယန်းအကြား ဆွေးနွေးချက်များလည်း မတိုးတက်သေးပေ။ နိုင်ငံခြားရေးဝန်ကြီးအဆင့် ၆ နိုင်ငံ ဆွေးနွေးပွဲ မူဘောင်မှာလည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုနီးပါးအတွင်း ပြန်လည်ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုအခါ ပါဝင်သူ အင်အားကြီး ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့် ရုရှားတို့၏ ရပ်တည်ချက်သည်လည်း ပြောင်းလဲသွားပြီး၊ ယခင်ကဲ့သို့ ပြုံယန်းအပေါ် ဖိအားပေးသည့်အနေအထား မဟုတ်တော့ဘဲ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ပိုမိုနီးကပ်လာစေကြောင်း ဆောင်းပါးက ဖော်ပြသည်။

ဒုတိယနည်းလမ်းမှာ ဒဏ်ခတ်အရေးယူမှုများ ဖြစ်သည်။ စဉ်ဆက်မပြတ် စီးပွားရေးဖိအားပေးခြင်းဖြင့် ပြုံယန်းကို နျူကလီးယားအစီအစဉ်၏ ကုန်ကျစရိတ်ကို ပြန်လည်တွက်ချက်စေမည်ဟု ယူဆခဲ့ကြသည်။ ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုစနစ်မှာ ဆက်လက်တည်ရှိနေသော်လည်း အကောင်အထည်ဖော်မှု အားနည်းလာသည်။ ချိုးဖောက်မှုများကို စောင့်ကြည့်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ သက်တမ်းကို ၂၀၂၄ ခုနှစ်တွင် ရုရှား၏ ဗီတိုကြောင့် တိုးမြှင့်နိုင်ခြင်း မရှိခဲ့ပေ။ တစ်ချိန်တည်းတွင် မြောက်ကိုရီးယားသည် ရုရှား၏ ယူကရိန်းစစ်ပွဲကို ထောက်ပံ့ပေးမှုမှတစ်ဆင့် ပြင်ပဝင်ငွေ အများအပြား ရရှိလာပြီး၊ အမြောက်ဗုံးကျည်များနှင့် စစ်ရေးပုဂ္ဂိုလ်များ ထောက်ပံ့ပေးသည့်အပြန်အလှန်အဖြစ် စီးပွားရေးအကူအညီနှင့် နည်းပညာလွှဲပြောင်းမှုများ ရရှိနေကြောင်း ဖော်ပြထားသည်။

တတိယနည်းလမ်းဖြစ်သည့် နျူကလီးယားစက်ရုံများကို စစ်ရေးအရ တိုက်ခိုက်ခြင်းမှာ မူဝါဒဆွေးနွေးမှုများတွင် အလွန်နည်းပါးစွာသာ ထည့်သွင်းစဉ်းစားခံရသည်။ ထိုသို့ တိုက်ခိုက်မှုဖြစ်ပေါ်လာပါက ကိုရီးယားကျွန်းဆွယ်တွင် အလွယ်တကူ အစပျိုးတိုးချဲ့နိုင်သည့် တင်းမာမှုကို ဖြစ်ပေါ်စေနိုင်ပြီး အကျိုးဆက်များကို အရင်ဆုံး ခံစားရမည့်သူများမှာ တောင်ကိုရီးယားနှင့် ၎င်း၏ ပြည်သူများ ဖြစ်မည်ဟု ဆောင်းပါးက သတိပေးသည်။ ထို့ကြောင့် ယင်းနည်းလမ်းသည် လက်တွေ့အသုံးချနိုင်သည့် မူဝါဒရွေးချယ်မှုထက် နောက်ဆုံးအသုံးပြုမည့် နောက်ဆုံးနည်းလမ်းအဖြစ်သာ ရှိနေသည်။

အဓိကရည်မှန်းချက်ကို လက်ရှိအရင်းအမြစ်များဖြင့် ရရှိရန် ခက်ခဲနေသဖြင့် အစားထိုးရည်မှန်းချက် ၂ မျိုး ကျန်ရှိနေသည်။ ပထမတစ်ရပ်မှာ ဆက်သွယ်မှုများ ပြန်လည်တည်ဆောက်ခြင်းနှင့် တဖြည်းဖြည်းတည်ငြိမ်ရေး ဖန်တီးခြင်းဖြစ်ပြီး၊ မြောက်ကိုရီးယား၏ နျူကလီးယားမူဝါဒ သို့မဟုတ် နိုင်ငံရေးစနစ်ကို အခြေခံပြောင်းလဲရန် မဟုတ်ပေ။ ဤ “engagement” သည် ကိုယ်တိုင်အနေနှင့် ရည်မှန်းချက်တစ်ရပ်အဖြစ် လုပ်ဆောင်နိုင်ပြီး ပိုမိုသေးငယ်သော်လည်း အောင်မြင်နိုင်ခြေရှိသည့် ရည်ရွယ်ချက်တစ်ခုကို ပေးစွမ်းနိုင်သည်။ တစ်ချိန်တည်းတွင် ၎င်းသည် နျူကလီးယားဖျက်သိမ်းရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး သို့မဟုတ် နောင်အခါ ပြန်လည်ပေါင်းစည်းရေးအတွက် လမ်းဖွင့်ပေးနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ကြောင်း ဆောင်းပါးက ဆိုသည်။

သို့သော် engagement ၏ သဘောသဘာဝအရ ပထမဦးဆုံး ဆက်သွယ်မှု ပြန်လည်စတင်ပြီးနောက် မည်သည့် လမ်းကြောင်းအတိုင်း ဆက်သွားမည်ဆိုသည်မှာ ပိုမိုအရေးကြီးလာသည်။ “engagement” ကို မူလအဆင့်လှုပ်ရှားမှုတစ်ခုအဖြစ်သာ သဘောထားခြင်းနှင့် မဟာဗျူဟာတစ်ရပ်အဖြစ် ခိုင်ခိုင်မာမာ သတ်မှတ်ခြင်းသည် မတူညီကြောင်း ဆောင်းပါးက ဖော်ပြသည်။ ထို့ပြင် ပြုံယန်းနှင့် အဓိပ္ပာယ်ရှိသည့် engagement ပြုလုပ်ရန်မှာ သမိုင်းကြောင်းအရ အနည်းဆုံး ဝါရှင်တန်နှင့် တိတ်တဆိတ်ညှိနှိုင်းမှုမျိုး လိုအပ်ခဲ့ပြီး၊ ထိုသို့ စတင်ရန်လိုအပ်သည့် ကိရိယာများသည် ဆိုးလ်၏ လုံးဝထိန်းချုပ်မှုအောက်တွင် မရှိသေးကြောင်းလည်း ထောက်ပြထားသည်။

ဒုတိယအစားထိုးရည်မှန်းချက်မှာ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဖြစ်သည်။ ၎င်းသည် တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် အားကောင်းသော မျှော်မှန်းချက်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်အတွေးအခေါ်အနေနှင့်လည်း အရေးပါနေဆဲဖြစ်သည်။ သို့သော် မူဝါဒရည်မှန်းချက်အဖြစ် ကြည့်ပါက အတားအဆီးများ အလွန်များပြားနေသည်။ ကင်မ်အစိုးရ၏ တရားဝင်စကားဝိုင်းများတွင် တောင်ကိုရီးယားကို “အဆိုးရွားဆုံး ရန်သူနိုင်ငံ” ဟု သတ်မှတ်ထားသည်။ တောင်ဘက်တွင်လည်း စစ်တမ်းများအရ ပြန်လည်ပေါင်းစည်းရေးအပေါ် စိတ်အားထက်သန်မှု လျော့နည်းလာပြီး အထူးသဖြင့် လူငယ်မျိုးဆက်များအကြား ပိုမိုကျဆင်းနေကြောင်း ဖော်ပြထားသည်။

ဤသုံးသပ်ချက်၏ အဓိကအနှစ်ချုပ်မှာ ဆန္ဒကြီးမားမှုနှင့် လက်တွေ့ကိရိယာများ မကိုက်ညီခြင်းပင် ဖြစ်သည်။ နျူကလီးယားဖျက်သိမ်းရေးသည် ဆက်လက်ရည်မှန်းချက်အဖြစ် ရှိနေဆဲဖြစ်သော်လည်း ပြုံယန်း၊ မော်စကိုနှင့် ပေကျင်းအကြား ပိုမိုနီးကပ်လာသည့် ချိတ်ဆက်မှုကြောင့် ယခင်က ထိုရည်မှန်းချက်ကို ထောက်ကူခဲ့သည့် နိုင်ငံတကာအခြေအနေသည် လုံးဝမတူညီသည့် ပုံစံသို့ ပြောင်းလဲသွားပြီး မကြာမီ ပြန်လည်ပြောင်းလဲမည့်အရိပ်အယောင် မရှိကြောင်း ဆောင်းပါးက ဆိုသည်။ ထို့ကြောင့် အရေးတကြီး မေးခွန်းမှာ နျူကလီးယားဖျက်သိမ်းရေးကို လိုက်နာရမည်လားဆိုသည်ထက် ထိုရည်မှန်းချက်ကို ဗဟိုပြု၍ မူဝါဒတည်ဆောက်ခြင်းက ပိုမိုလက်တွေ့ကျသည့် ရည်မှန်းချက်များကို ပိတ်ပင်နေသလားဆိုသည့် အချက် ဖြစ်လာသည်။

engagement သည် ကြားကာလအတွင်း မျှော်လင့်ချက်ရစေသော်လည်း အနာဂတ်ကို ရှင်းလင်းစွာ မသတ်မှတ်ထားပါက ၎င်းသည် မဟာဗျူဟာဟု မှားယွင်းထင်မြင်ခံရနိုင်ကြောင်း ဆောင်းပါးက သတိပေးထားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းကို ပိုမိုကြီးမားသည့် ရည်မှန်းချက်များအတွက် လိုအပ်သည့် ကြိုတင်အခြေအနေအဖြစ် နားလည်ပါက ပိုမိုထိန်းကျောင်းနိုင်သည့် မူဝါဒဆိုင်ရာ အခြေခံတစ်ရပ် ရရှိနိုင်သည်ဟု ဆိုသည်။ ဆိုးလ်အစိုးရသည် ထိုကွာခြားချက်ကို ယခုတိုင် မရှင်းလင်းသေးဘဲ၊ ၎င်းကို ရှင်းလင်းစွာ သတ်မှတ်နိုင်ခြင်းသည် ယခုအချိန်တွင် မူဝါဒရေးရာအတွက် အရေးအကြီးဆုံး ပြင်ဆင်သတ်မှတ်ချက်များထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဆောင်းပါးက နိဂုံးချုပ်ထားသည်။

Lykke ၏ မူဘောင်သည် မူဝါဒချမှတ်သူများအား မည်သည့်ရည်မှန်းချက်ကို ရွေးချယ်ရမည်ဟု မညွှန်ပြပေ။ သို့သော် ကျွန်ုပ်တို့ လိုချင်သည့်အရာ၊ ထိုနေရာသို့ မည်သို့ရောက်ရှိမည်၊ လက်ရှိလက်ဝယ်ရှိ အရင်းအမြစ်များမှာ အဘယ်နည်းဆိုသည့် မေးခွန်း ၃ ခုအကြား ဆက်နွယ်မှုကို တကျော့တည်း စနစ်တကျ ချိတ်ဆက်စဉ်းစားရန် လိုအပ်ကြောင်း သတိပေးသည်။ ထိုသို့ ရိုးသားစွာ ဆင်ခြင်မှသာ အလွန်အကောင်းမြင်သော ကြေညာချက်များက ဖုံးကွယ်ထားသည့် ကွာဟချက်များကို မြင်သာစေမည်ဖြစ်ပြီး၊ ထိုကွာဟချက်များကို ပိတ်ဆို့နိုင်ခြင်း သို့မဟုတ် အနည်းဆုံး တိတိကျကျ အသိအမှတ်ပြုနိုင်ခြင်းမှသာ ပိုမိုညီညွတ်သည့် မူဝါဒတစ်ရပ်ကို စတင်တည်ဆောက်နိုင်မည်ဟု ဆောင်းပါးရှင် ပတ်ဂျင်ဝမ်က သတ်မှတ်ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *