
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဘီလာရုစ်သမ္မတ အလက်ဇန်ဒါ လုကာရှန်ကိုထံ စာပေးပို့ပြီး နှစ်နိုင်ငံအကြား ရိုးရာမိတ်ဖက်ဆက်ဆံရေးများသည် သဘောတူညီထားသည့်အတိုင်း အဆင့်သစ်တစ်ရပ်သို့ အရှိန်အဟုန်မြင့်စွာ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ၏ ဖော်ပြချက်အရ ကင်သည် လုကာရှန်ကိုက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးရာကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရသည့်အပေါ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယမန်နေ့က အဆိုပါသဝဏ်လွှာကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ ကင်က “ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ဘီလာရုစ်အကြားရှိ ရိုးရာမိတ်ဖက်ဆက်ဆံရေးဟာ ကျွန်ုပ်တို့ သဘောတူထားသည့်အတိုင်း အဆင့်သစ်တစ်ရပ်မှာ အရှိန်အဟုန်မြင့်စွာ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း KCNA က ကိုးကားဖော်ပြထားသည်။
ကင်နှင့် လုကာရှန်ကိုတို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ပြုံယမ်းမြို့တွင် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ပြီး ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ရုရှား၏ ယူကရိန်းစစ်ပွဲအပေါ် နှစ်နိုင်ငံစလုံးက ထောက်ခံရပ်တည်နေသည့် အခြေအနေကြောင့် ဆက်ဆံရေး ပိုမိုနီးကပ်လာနေသည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။ ခေါင်းဆောင်နှစ်ဦးကမူ နှစ်နိုင်ငံဆက်ဆံရေးသည် “အဆင့်သစ်” တစ်ရပ်သို့ ရောက်ရှိသွားပြီဟု ချီးကျူးပြောဆိုခဲ့ကြသည်။ ကင်ကလည်း ဘီလာရုစ်နိုင်ငံ၏ တိုးတက်ကြီးပွားရေးနှင့် ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာအတွက် လုကာရှန်ကို၏ မူဝါဒများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်ဟု KCNA က ဖော်ပြထားသည်။