
ဖလော်ရီဒါပြည်နယ်တွင် ကားမတော်တဆမှု ဖြစ်ပွားပြီးနောက် Tiger Woods ကို လက်ထိပ်ခတ် ဖမ်းဆီးနေသည့် bodycam ဗီဒီယို ထွက်ပေါ်လာပြီး စုံစမ်းရေးအဖွဲ့က ၎င်း၏ အိတ်ကပ်အတွင်းမှ ဆေးပြား ၂ ပြားကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ Woods က အရက်မသောက်ထားကြောင်း ပြောဆိုခဲ့သော်လည်း DUI သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၈ နာရီအကြာတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။
Martin County Sheriff’s Office ၏ bodycam မှတ်တမ်းအရ မတ် ၂၇ ရက်က ဖလော်ရီဒါပြည်နယ် Jupiter Island ရပ်ကွက်လမ်းပေါ်တွင် Woods မောင်းနှင်လာသည့် Land Rover SUV သည် အရှိန်လွန်ကာ ထရပ်ကားတစ်စီး၏ နောက်ဘက်ကို တိုက်မိပြီး ဘေးတစောင်း လှန်ကျသွားကြောင်း သိရသည်။ အဆိုပါ မတော်တဆမှုတွင် Woods နှင့် အခြားယာဉ်မောင်း နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း Martin County Sheriff’s Office က ပြောသည်။
စစ်ဆေးရေးအရာရှိ Tatiana Levenar က sobriety test ပြုလုပ်ပြီးနောက် “သင့်ရဲ့ ပုံမှန်စွမ်းဆောင်ရည်တွေ ထိခိုက်နေတယ်လို့ ယုံကြည်ပါတယ်။ အမည်မသိပစ္စည်းတစ်မျိုးရဲ့ သက်ရောက်မှုအောက်မှာလည်း ရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် လက်ရှိမှာ DUI နဲ့ ဖမ်းဆီးပါတယ်” ဟု Woods ကို ပြောကြားခဲ့သည်။ Woods ကတော့ ဖုန်းကြည့်နေစဉ် ရေဒီယိုလိုင်း ပြောင်းနေခဲ့ပြီး ထို့နောက် ယာဉ်မောင်းနေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ရှင်းပြခဲ့သည်။
“ကျွန်တော် ဖမ်းဆီးခံနေရတာလား” ဟု Woods က လမ်းဘေးတွင် ရပ်နေစဉ် မေးမြန်းခဲ့ပြီး Levenar က “ဟုတ်ကဲ့” ဟု အတည်ပြုခဲ့သည်။ လက်ထိပ်တပ်ပြီးနောက် အရာရှိများက ၎င်း၏ အိတ်ကပ်များကို ရှာဖွေစစ်ဆေးရာ ဆေးပြားဖြူ ၂ ပြားကို တွေ့ရှိခဲ့ပြီး Woods က ၎င်းမှာ Norco ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Norco သည် acetaminophen နှင့် opioid hydrocodone ပါဝင်သည့် နာကျင်မှုသက်သာဆေးဖြစ်ပြီး နောက်ပိုင်းတွင် Woods ထံတွင် hydrocodone ရှိကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။
ဗီဒီယိုထဲတွင် Woods က အရက်မသောက်ထားကြောင်း၊ ထိုနေ့အစောပိုင်းတွင် ဆေးဝါး “အနည်းငယ်” သောက်ထားကြောင်းလည်း ပြောဆိုခဲ့သော်လည်း ဆေးအမည်များကို ပြောနေသည့် အပိုင်းကို အသံတိတ်ထားခဲ့သည်။ ဖိနပ်မပါဘဲ ပြုလုပ်သည့် လမ်းလျှောက်စမ်းသပ်မှုအတွင်း Woods ၏ ညာဘက်ဒူးပေါ်တွင် compression sock ဝတ်ဆင်ထားသည်ကိုလည်း အရာရှိများက သတိပြုမိခဲ့သည်။ Woods က ၎င်းသည် နောက်ကျောခွဲစိတ်မှု ၇ ကြိမ်နှင့် ညာခြေထောက်ပေါ် ခွဲစိတ်မှု ၂၀ ကျော် ခံယူထားပြီး လမ်းလျှောက်စဉ် ခြေကျင်းဝတ် တင်းကျပ်တက်သွားတတ်ကြောင်း ရှင်းပြခဲ့သည်။
စစ်ဆေးနေစဉ် Woods သည် ကြို့ထိုးနေခဲ့ပြီး သတ်မှတ်ထားသည့် စမ်းသပ်မှုတစ်ခုအတွင်း ခေါင်းကို ဆက်တိုက် လှည့်နေသဖြင့် အရာရှိများက ခေါင်းကို တည့်တည့်ထားရန် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ Levenar ကလည်း Woods ၏ အပြုအမူနှင့် စမ်းသပ်မှုရလဒ်များအပေါ် အခြေခံ၍ ၎င်း၏ ပုံမှန်စွမ်းဆောင်ရည်များ ထိခိုက်နေပြီး ယာဉ်ကို လုံခြုံစွာ မောင်းနှင်နိုင်စွမ်း မရှိဟု ယုံကြည်ကြောင်း နောက်ပိုင်းတွင် ရေးသားခဲ့သည်။
အသက် ၅၀ အရွယ် Woods သည် အင်္ဂါနေ့က DUI သံသယဖြင့် အပြစ်မရှိကြောင်း လျှောက်ထားခဲ့ပြီး ညပိုင်းတွင် “ကုသမှုခံယူရန်နှင့် ကျန်းမာရေးကို အာရုံစိုက်ရန်” ဟုဆိုကာ အကန့်အသတ်မရှိ အားကစားလောကမှ ယာယီနုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ Breathalyzer စစ်ဆေးမှုတွင် အရက်သောက်ထားသည့် လက္ခဏာ မတွေ့ရသော်လည်း urine test ကို ငြင်းဆန်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
Woods သည် ဂေါက်သီးလောကတွင် သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် Masters ကို အနိုင်ရသည့် ပထမဆုံး အာဖရိကန်-အမေရိကန်မျိုးနွယ်ဖွားအဖြစ် သမိုင်းဝင်ခဲ့သူလည်း ဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် Los Angeles ကားမတော်တဆမှုတွင် ညာခြေထောက် အပြင်းအထန် ထိခိုက်ခဲ့ခြင်းအပါအဝင် ဒဏ်ရာများကြောင့် ၎င်း၏အောင်မြင်မှုကို ဆက်လက်တိုးချဲ့နိုင်ခြင်း မရှိခဲ့ဘဲ ၂၀၂၄ British Open နောက်ပိုင်း တရားဝင်ပြိုင်ပွဲ မကစားရသေးကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ၇ ကြိမ်မြောက် နောက်ကျောခွဲစိတ်မှုမှ ပြန်လည်နာလန်ထူနေစဉ် ၎င်းသည် ၅ ကြိမ်အနိုင်ရထားသည့် Masters ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေခဲ့သည်။
ပြီးခဲ့သည့်နှစ် ဖလော်ရီဒါပြည်နယ် ဥပဒေပြင်ဆင်မှုအရ ရဲအရာရှိက တောင်းဆိုသည့် breath, blood သို့မဟုတ် urine test များကို ငြင်းဆန်ခြင်းသည် ပထမအကြိမ်ဖြစ်စေ မစ္စဒီမီနာ (misdemeanor) အဖြစ် သတ်မှတ်ခံရကြောင်းလည်း ဖော်ပြထားသည်။