Search for similar products on 1688 ❯

My

ထိုင်ဝမ်၏ အသည်းရောင်စီပိုး C ပပျောက်ရေး ကြိုးပမ်းမှု

ထိုင်ဝမ်နိုင်ငံသည် အသည်းရောင်စီပိုး C ကို ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ်မှ ပပျောက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ထားသော အဆင့်မြင့်စံနှုန်းများကို ရရှိလာပြီဖြစ်ကြောင်း ထိုင်ဝမ်ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီး Chung-Liang Shih က ရေးသားဖော်ပြထားသည်။ ၂၀၃၀ ခုနှစ်မတိုင်မီ အသည်းရောင်ဗိုင်းရပ်စ်ရောဂါများကို ပပျောက်စေရန် WHO ချမှတ်ထားသည့် ရည်မှန်းချက်ကို ထိုင်ဝမ်က “Taiwan Model” ဖြင့် လက်တွေ့သက်သေပြနေကြောင်းလည်း ၎င်းက ဆိုထားသည်။

Shih ၏ ဆောင်းပါးအရ ကမ္ဘာတစ်ဝန်းတွင် နာတာရှည် အသည်းရောင်စီပိုး C ကူးစက်ခံရသူ ခန့်မှန်းခြေ ၅၈ သန်းခန့်ရှိပြီး ကာကွယ်ဆေး မရှိသေးသော်လည်း direct-acting antiviral (DAA) ဆေးကုသမှုများဖြင့် ၈ ပတ်မှ ၁၂ ပတ်အတွင်း ပျောက်ကင်းအောင် ကုသနိုင်ပြီဟု ဖော်ပြထားသည်။ WHO သည် ၂၀၁၅ ခုနှစ်တွင် Glasgow Declaration on Viral Hepatitis ကို စတင်ခဲ့ပြီး ၂၀၃၀ ခုနှစ်အတွင်း အသည်းရောင်ဗိုင်းရပ်စ်ကို ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ်မှ ဖယ်ရှားရန် ရည်မှန်းချက်ထားခဲ့သည်။

WHO ၏ “Guidance for Country Validation of Viral Hepatitis Elimination and Path to Elimination” နှင့်အညီ ထိုင်ဝမ်သည် hepatitis C ပပျောက်ရေးအတွက် WHO Path to Elimination (PTE) framework အောက်ရှိ Gold Tier programmatic targets ကို ရရှိထားကြောင်း ဖော်ပြထားသည်။ အစိုးရ၏ ခိုင်မာသည့် နိုင်ငံရေးဆန္ဒနှင့်အတူ hepatitis ကာကွယ်ရေး၊ စကရင်နင်းဆောင်ရွက်မှု၊ ရောဂါအတည်ပြုစစ်ဆေးမှုနှင့် ကုသမှုတို့ကို အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွင်း စနစ်တကျ ပေါင်းစည်းနိုင်ခဲ့ခြင်းက ယင်းအောင်မြင်မှု၏ အခြေခံဖြစ်ကြောင်း ဆိုသည်။

ထိုင်ဝမ်၏ အရွယ်ရောက်သူများအတွက် Hepatitis B နှင့် C ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများနှင့် DAA ဆေးကုသမှုကုန်ကျစရိတ်ကို အမျိုးသားကျန်းမာရေးအာမခံမှ ပြန်လည်ထောက်ပံ့ပေးသည့် စနစ်ကြောင့် စစ်ဆေးမှုနှင့် ကုသမှုများကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီလာပြီး ငွေကြေးပိုင်းနှင့် စနစ်ပိုင်းဆိုင်ရာ အတားအဆီးများလည်း လျော့ကျလာခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လအထိ နာတာရှည် hepatitis C ရှိသူ ခန့်မှန်းခြေ ၉၀.၂ ရာခိုင်နှုန်းကို ရောဂါအတည်ပြု စစ်ဆေးနိုင်ခဲ့ပြီး ရောဂါအတည်ပြုခံရသူများအနက် ၉၂.၆ ရာခိုင်နှုန်းက DAA ကုသမှုရရှိခဲ့ကြောင်း၊ ယင်းအချက်အလက်များမှာ WHO PTE Gold Tier စံနှုန်းများထက် ကျော်လွန်နေကြောင်း ဖော်ပြထားသည်။

ပပျောက်ရေးလုပ်ငန်းစဉ်တွင် ကာကွယ်ရေးနှင့် လူနာလုံခြုံရေးသည်လည်း မရှိမဖြစ် အရေးပါကြောင်း ဆောင်းပါးက အလေးထား ဖော်ပြထားသည်။ ထိုင်ဝမ်တွင် လှူဒါန်းသည့်သွေးများကို ၁၀၀ ရာခိုင်နှုန်း စစ်ဆေးပြီး သွေးသွင်းခြင်းနှင့် ဆေးထိုးခြင်း လုပ်ငန်းစဉ်များတွင်လည်း ၁၀၀ ရာခိုင်နှုန်း ဘေးကင်းလုံခြုံရေး စံနှုန်းကို ထိန်းသိမ်းထားသည်။ ထို့အပြင် မူးယစ်ဆေး ထိုးသုံးစွဲသူများအတွက် သန့်ရှင်းသော ဆေးထိုးကိရိယာများ လွယ်ကူစွာ ရရှိစေရန် harm reduction အစီအစဉ်များကိုလည်း အကောင်အထည်ဖော်ထားပြီး လူတစ်ဦးချင်းစီအတွက် syringe ၁၅၀ ခုထက်ပိုကို ဖြန့်ဝေနိုင်ခဲ့ကြောင်း ဆိုသည်။

WHO နှင့် Sustainable Development Goals (SDGs) ၏ “leave no one behind” မူဝါဒနှင့်အညီ ထိုင်ဝမ်သည် HIV ရှိသူများ၊ အဆင့်မြင့် ကျောက်ကပ်ပျက်စီးရောဂါ နောက်ဆုံးအဆင့်လူနာများ၊ opioid agonist therapy ခံယူနေသူများနှင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများကိုလည်း ဦးစားပေး စစ်ဆေးကုသနေကြောင်း ဖော်ပြထားသည်။ ၎င်းတို့အကြား စစ်ဆေးမှု လွှမ်းခြုံမှုနှင့် ကုသမှုနှုန်း မြင့်မားနေခြင်းက ထိုင်ဝမ်ကျန်းမာရေးစနစ်၏ တန်းတူညီမျှမှုကို ထင်ဟပ်စေသည်ဟု Shih က ဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ အတွင်း ထိုင်ဝမ်တွင် အသည်းကင်ဆာ ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းလာခဲ့ပြီး ယင်းသည် hepatitis ကာကွယ်ရေးနှင့် ကုသရေး မူဝါဒများ၏ ရလဒ်ဖြစ်ကြောင်း ဆောင်းပါးက ဖော်ပြထားသည်။ Taiwan Hepatitis C Elimination Report တွင် ဖော်ပြထားသည့် အောင်မြင်မှုများမှာ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများ၊ ဆေးကုသရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စောင့်ကြည့်မှုစနစ် အားကောင်းမှုနှင့် ဒေတာကို ပွင့်လင်းမြင်သာစွာ တင်ပြနိုင်မှုတို့ကလည်း အထောက်အကူဖြစ်ခဲ့သည်ဟု ဆိုသည်။

၂၀၃၀ ခုနှစ်အတွက် အသည်းရောင်ဗိုင်းရပ်စ် ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဆီသို့ ဆက်လက်တက်လှမ်းရာတွင် “Taiwan Model” သည် သိပ္ပံနည်းပညာ၊ နိုင်ငံရေးဆန္ဒနှင့် တန်းတူအခွင့်အရေးတို့ ပေါင်းစပ်ပါက ပပျောက်ရေးသည် လက်တွေ့အောင်မြင်နိုင်ကြောင်း သက်သေပြနေသည်ဟု Chung-Liang Shih က ရေးသားထားသည်။ ထိုင်ဝမ်၏ Hepatitis C Elimination Report ကို WHO Western Pacific Regional Office သို့ PTE Gold Tier အရ အတည်ပြုရန် တင်သွင်းထားပြီး ထိုင်ဝမ်၏ ခေါင်းဆောင်မှုနှင့် အတွေ့အကြုံများကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *