
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က UFO နှင့်ဆိုင်သည့် အစိုးရဖိုင်များ ထုတ်ပြန်ရန် အမိန့်ပေးလိုက်ပြီးနောက်၊ ဂြိုဟ်သားများ တကယ်တမ်းရှိနေပါက လူသားမျိုးနွယ်ကို မည်သို့သဘောထားမည်ဆိုသည့် မေးခွန်းမှာ ထပ်မံ၍ အာရုံစိုက်ခံလာသည်။ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ၊ သိပ္ပံပညာရှင်များနှင့် သုတေသီများကမူ “အမှန်တရားကို သိရှိနိုင်ရေး” အတွက် အချက်အလက်များကို ပွင့်လင်းစွာ မျှဝေသင့်ကြောင်း တိုက်တွန်းနေကြသည်။
AP သတင်းအရ လူသားများသည် ရာစုနှစ်ပေါင်းများစွာ အခြားဂြိုဟ်များ၌ အသက်ရှိနိုင်မည်လောဟု စဉ်းစားလာခဲ့ကြသော်လည်း “သူတို့က ကျွန်တော်တို့ကို ဘယ်လိုမြင်မလဲ” ဆိုသည့် ပြန်လှန်မေးခွန်းကိုမူ အနည်းငယ်သာ မေးမြန်းခဲ့ကြသည်။ သီအိုရီပိုင်း ရူပဗေဒပညာရှင် အဗီ လိုဘ်ကလည်း ကမ္ဘာကို အဝေးမှကြည့်ပါက “အတော်လေး စိတ်ပျက်စရာကောင်းမည်” ဟု ဆိုကာ ယူကရိန်းစစ်ပွဲကဲ့သို့ လူသားတို့၏ ပဋိပက္ခများကို ထောက်ပြခဲ့သည်။ ထို့အပြင် ၂၀၂၆ ခုနှစ်တွင် NASA ၏ Artemis II မစ်ရှင်ကို လွှတ်တင်မည်ဖြစ်ပြီး လကမ္ဘာကို လှည့်ပတ်ပြီးနောက် ကမ္ဘာသို့ ပြန်လာမည်ဖြစ်သဖြင့် အာကာသနှင့် UFO ဆိုင်ရာ စိတ်ဝင်စားမှုများလည်း ပိုမိုမြင့်တက်လာနေသည်။
၂၀၂၁ ခုနှစ် Pew Research Center စစ်တမ်းအရ အမေရိကန်လူမျိုး ၃ ပုံ ၂ ပုံခန့်က အခြားဂြိုဟ်များပေါ်တွင် ဉာဏ်ရည်မြင့် အသက်ရှိနိုင်သည်ဟု ယူဆကြပြီး၊ အမေရိကန်လူကြီးလူငယ် အကြမ်းဖျဉ်း ထက်ဝက်ခန့်က စစ်တပ်မှ အစီရင်ခံထားသည့် UFO များကို ကမ္ဘာပြင်ပဉာဏ်ရည်ရှိ သတ္တဝါများ၏ သက်သေအဖြစ် ယုံကြည်နိုင်သည့်အရာဟု ဆိုသည်။ SETI Institute ဥက္ကဋ္ဌ ဘီလ် ဒိုင်မွန်ကလည်း “ဤမျှကြီးမားပြီး နားလည်ရခက်လှသည့် စကြဝဠာတွင် သက်ရှိနှင့် နည်းပညာ ပေါ်ပေါက်လာရာနေရာ တစ်ခုတည်းသာ ဖြစ်ရမည်” ဟု မတွေးချင်ကြောင်း ပြောသည်။ ၁၉၄၇ ခုနှစ် နယူးမက္ကဆီကိုပြည်နယ် ရော့စ်ဝဲလ်အနီးတွင် အမှိုက်ကျန်အစိတ်အပိုင်းများ တွေ့ရှိခဲ့ပြီး စစ်တပ်က အစပိုင်းတွင် flying disc ၏ အစိတ်အပိုင်းဟု ပြောဆိုကာ နောက်ပိုင်းတွင် မိုးလေဝသပူဖောင်းဟု ပြန်လည်ရှင်းလင်းခဲ့သဖြင့် အမေရိကန်ပြည်သူများအကြား ကမ္ဘာပြင်ပအသက်ရှိမှုအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့သည်။
နာမည်ကျော် သိပ္ပံဝတ္ထုများနှင့် ပေါ့ပ်ယဉ်ကျေးမှုလောကကလည်း flying saucer၊ little green men နှင့် နောက်ပိုင်းတွင် humanoid gray aliens များကို လူသိများစေခဲ့သည်။ Star Trek franchise အတွင်း ၂၀၆၃ ခုနှစ်တွင် လူသားမျိုးနွယ်သည် Vulcans နှင့် ပထမဆုံး ဆက်သွယ်ခဲ့သည့်နေ့ကို အထိမ်းအမှတ်ပြုရန် ဧပြီ ၅ ရက်ကို “First Contact Day” အဖြစ် နှစ်စဉ် သတ်မှတ်ကျင်းပသည်။ Duke တက္ကသိုလ်မှ သိပ္ပံဝတ္ထုသင်ကြားသူ Priscilla Wald ကလည်း လူသားများသည် မိမိတို့အချင်းချင်း ရန်ပြုဆက်ဆံပုံကို ဂြိုဟ်သားများအပေါ် ပုံဖော်တင်ပြနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။ ၂၀၂၄ ခုနှစ်တွင် ပင်တဂွန်က မသိရသေးသော၊ မရှင်းလင်းသေးသော လေထဲဖြစ်စဉ်များဆိုင်ရာ အစီရင်ခံစာ ရာနှင့်ချီ ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့သည် ကမ္ဘာပြင်ပမှဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့ပေ။
မီချီဂန်ပြည်နယ်မှ ဒေဘီ ဒမိုင်ထရိုကလည်း သူမရှင်းပြနိုင်သည့် အရာတချို့ကို ကောင်းကင်ပေါ်တွင် နှစ်ကြိမ်တိုင် မြင်တွေ့ခဲ့သည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်တွင် ဒက်ထရွိုက်မြို့မြောက်ဘက် Royal Oak အပေါ်ကောင်းကင်တွင် မြင်ခဲ့သည့် အဝါရောင်အလင်း လေးခုမှာ “အလွန်နိမ့်” စွာ တိတ်ဆိတ်စွာ ပျံသန်းနေပြီး တပြိုင်နက် လှုပ်ရှားနေသကဲ့သို့ ဖြစ်ကြောင်း သူမက ပြန်လည်ပြောပြသည်။ ၂၀၂၆ ခုနှစ် မတ် ၁ ရက်တွင်လည်း Royal Oak အပေါ်၌ မြင်ခဲ့သည့် အစိမ်းရောင် အရာဝတ္ထုသည် လေယာဉ်လည်းမဟုတ်၊ ရဟတ်ယာဉ်လည်းမဟုတ်ဟု သူမကဆိုသော်လည်း commercial drone သို့မဟုတ် delivery drone တစ်မျိုး ဖြစ်နိုင်သည်ကိုတော့ လက်ခံထားသည်။ ယနေ့ခေတ်တွင် UAP (unidentified aerial phenomena / unidentified anomalous phenomena) ဟု သုံးနှုန်းလာကြသည့်အခြေအနေ၌ SETI ၏ ဒိုင်မွန်ကလည်း ကောင်းကင်၌ လူသားတို့ ချက်ချင်း မခွဲခြားနိုင်သည့် အရာများ မကြာခဏ တွေ့ရတတ်ကြောင်း ရှင်းပြထားသည်။
အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး တင်မသီ ဂါလာဒက်ကမူ UAP များနှင့်ပတ်သက်၍ လေကြောင်းနှင့် သမုဒ္ဒရာများအတွင်း တွေ့မြင်ရသည့် အထောက်အထားများ အတော်အတန် ရှိနေကြောင်း ပြောသည်။ ၎င်း၏အဆိုအရ “လူမဟုတ်သော ဉာဏ်ရည်” တစ်မျိုးက ၎င်းတို့ကို လည်ပတ်စေခြင်း သို့မဟုတ် ထိန်းချုပ်နေခြင်းသည် အမှန်တကယ် ဖြစ်နိုင်ပြီး ပျက်ကျသည့် ယာဉ်အချို့ကိုလည်း ပြန်လည်ရယူထားပြီးဖြစ်သော်လည်း ၎င်းတို့၏ မူလရင်းမြစ်သည် ကမ္ဘာပြင်ပမှလားဆိုသည်မှာ မသေချာသေးကြောင်း ပြောသည်။ ဂါလာဒက်သည် UAP အချက်အလက်များကို သုတေသနအတွက် သိပ္ပံပညာရှင်များနှင့် မျှဝေသင့်ကြောင်း တိုက်တွန်းပြီး အမေရိကန် စစ်ရေယာဉ်များတွင် အမှုထမ်းခဲ့သည့် ၃၂ နှစ်တာ အတွေ့အကြုံအတွင်း classified UAP ဗီဒီယိုများကိုလည်း ကြည့်ရှုခဲ့ကြောင်း ဆိုသည်။ “မသိနားမလည်မှုက ဘယ်အချိန်မှာ နိုင်ငံတော်မဟာဗျူဟာကောင်း ဖြစ်ခဲ့သလဲ” ဟု မေးခွန်းထုတ်ကာ အမှန်တရားရှာဖွေခြင်းသည် အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့အကျိုးစီးပွားအတွက် ပိုမိုကောင်းမွန်ကြောင်း ထောက်ပြခဲ့သည်။
ဟားဗတ်တက္ကသိုလ်မှ အဗီ လိုဘ်ကတော့ နည်းပညာအဆင့်မြင့်သော ကမ္ဘာပြင်ပယဉ်ကျေးမှုတစ်ခုသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ထူးခြားသည့် စွမ်းရည်များ ရှိနိုင်ပြီး ၎င်းတို့ အမှန်တကယ် ပေါ်လာလိုပါက ပေါ်လာမည်၊ မပေါ်လာလိုပါက မပေါ်လာမည်ဟု သဘောထား ပြောဆိုသည်။ ၎င်း၏အမြင်တွင် ဂြိုဟ်သားများက လူသားတို့ကို ကြည့်ပြီး “အရူးတွေလိုပဲ” ဟု တွေးမည်ဖြစ်သော်လည်း တကယ်တမ်းဆိုလျှင် လူသားတို့ မည်သို့နေထိုင်ပြီး ဘာကို စိတ်ကူးနိုင်မည်ကို စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။