
သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ရှေ့နေချုပ် ပမ် ဘွန်ဒီကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် အမေရိကန် တရားရေးဌာနအတွင်း မတည်ငြိမ်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) စုံစမ်းမှုဖိုင်များကို ကိုင်တွယ်ပုံနှင့် ထရမ့်၏ ရန်သူဟု သတ်မှတ်ခံရသူများကို စုံစမ်းစစ်ဆေးခဲ့မှုများကြောင့် ဘွန်ဒီအပေါ် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဝါရှင်တန်မြို့၌ ကြာသပတေးနေ့က ထရမ့်က ဘွန်ဒီသည် ရှေ့နေချုပ်ရာထူးမှ ထွက်ပေးပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဒုတိယ ရှေ့နေချုပ် တော့ဒ် ဘလန်းချ် (Todd Blanche) ကို ယာယီ ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး၊ အမြဲတမ်း ခန့်အပ်မည့်သူအဖြစ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (EPA) အကြီးအကဲ လီ ဇယ်လ်ဒင် (Lee Zeldin) ကိုလည်း စဉ်းစားနေကြောင်း သတင်းရင်းမြစ် ၃ ဦးက ဆိုသည်။ ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်ဟောင်း တစ်ဦးဖြစ်သည့် ဘွန်ဒီသည် ယခုနှစ် အစောပိုင်းက ရာထူးတာဝန်ယူပြီးနောက် ဌာနကို နိုင်ငံရေးနှင့် ခွဲခြားထားမည်ဟု ကတိပြုခဲ့သော်လည်း ထရမ့်၏ ရန်သူများကို လျင်မြန်စွာ စုံစမ်းစစ်ဆေးခဲ့သဖြင့် တရားရေးဆိုင်ရာ လွတ်လပ်မှုကို ထိခိုက်စေသည်ဟု ဝေဖန်ခံခဲ့ရသည်။
သူမ၏ တာဝန်ထမ်းဆောင်မှုအတွင်း ထရမ့်ကို လုံလောက်စွာ သစ္စာမခံဟု ယူဆခံရသည့် အမှုထမ်းရှေ့နေများ အလုပ်ထုတ်ခံရပြီး ဝန်ထမ်းရာနှင့်ချီ ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။ ထရမ့်အစိုးရလက်ထက်တွင် တရားရေးဌာနအတွင်း မတည်ငြိမ်မှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး၊ သမ္မတ၏ တောင်းဆိုမှုများကို မလိုက်နာနိုင်ခဲ့သော သို့မဟုတ် မဖြည့်ဆည်းနိုင်ခဲ့သော ရှေ့နေချုပ်အများအပြားမှာ ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် နုတ်ထွက်ခဲ့ရကြသည်။ တစ်ချိန်တည်းမှာပင် ဘွန်ဒီသည် ထရမ့်အပေါ် အရေးယူရန် ကြိုးပမ်းမှုများနှင့် ဆက်နွှယ်သည့် ဖိုင်များကို ကိုင်တွယ်ပုံ၊ အက်ပ်စတိုင်းအမှုကို စီမံခန့်ခွဲပုံတို့ကြောင့် ကွန်ဆာဗေးတစ်များ၏ ပြင်းထန်သော စိစစ်မှုကို ခံခဲ့ရသည်။
ဘွန်ဒီက တရားရေးဌာနကို နိုင်ငံရေးအတွက် အသုံးချနေသည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး၊ သမ္မတ ဂျိုး ဘိုင်ဒင်၏ ဒီမိုကရက်အစိုးရလက်ထက်၌ ထရမ့်အပေါ် ဖွင့်လှစ်ခဲ့သည့် ဖက်ဒရယ်ရာဇဝတ်မှုအမှု ၂ ခုကြောင့် ဌာန၏ ယုံကြည်မှု ထိခိုက်ခဲ့ရသဖြင့် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမ၏ ကာကွယ်သူများကမူ ဥပဒေမဲ့ နယ်စပ်ဖြတ်ကျော်နေထိုင်မှုနှင့် အကြမ်းဖက်ရာဇဝတ်မှုများကို ပိုမိုခိုင်မာစွာ တိုက်ဖျက်ရန် ဌာန၏ အာရုံစိုက်မှုကို ပြန်လည်ချိန်ညှိပေးခဲ့ကြောင်း ဆိုကြသည်။
သို့သော် ထရမ့်အပေါ် ဘွန်ဒီ၏ ပြောင်ပြောင်တင်းတင်း ထောက်ခံသည့် အပြုအမူသည် ယခင် ရှေ့နေချုပ်များနှင့် သိသာစွာ ကွာခြားနေခဲ့သည်။ သူမသည် ကွန်ဂရက် ကြားနာပွဲများတွင် ထရမ့်ကို ချီးကျူး ကာကွယ်ပြောဆိုခဲ့ပြီး၊ တရားရေးဌာနဌာနချုပ် အပြင်ဘက်တွင် ထရမ့်၏ မျက်နှာပုံပါ စာတန်းကို ချိတ်ဆွဲခဲ့သည်။ ဖေဖော်ဝါရီလက ကြားနာပွဲတွင် ဒီမိုကရက် အမတ် ဂျေမီ ရက်စကင် (Jamie Raskin) က “ပြည်သူ့တရားရေးဌာနကို ထရမ့်၏ လက်စားချေကိရိယာအဖြစ် ပြောင်းလဲလိုက်ပြီ” ဟု စွပ်စွဲခဲ့သည်။ ထိုကြားနာပွဲတွင် ဘွန်ဒီက တင်းမာသော ပြန်လည်တုံ့ပြန်မှုများသာ ပေးခဲ့ပြီး အနှစ်သာရရှိသည့် အဖြေများ မပေးနိုင်ခဲ့ဟု သတင်းတွင် ဖော်ပြထားသည်။
ဘွန်ဒီ၏ ဦးဆောင်မှုအောက်တွင် တရားရေးဌာနသည် Federal Reserve ဥက္ကဋ္ဌ ဂျရုမ်း ပေါဝဲလ် (Jerome Powell)၊ နယူးယောက် ရှေ့နေချုပ် လက်တီရှာ ဂျိမ်းစ် (Letitia James)၊ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ် ကိုမီ (James Comey) နှင့် CIA ညွှန်ကြားရေးမှူးဟောင်း ဂျွန် ဘရင်နန် (John Brennan) တို့အပါအဝင် ထရမ့်၏ ရန်သူဟု ရှုမြင်ခံရသူများကို စုံစမ်းစစ်ဆေးမှုများ ဖွင့်လှစ်ခဲ့သည်။ ကိုမီနှင့် ဂျိမ်းစ်အပေါ် တင်ခဲ့သည့် ထင်ရှားသည့် စွဲချက် ၂ ခုမှာ နောက်ပိုင်းတွင် တရားသူကြီးက အမှုတင်သွင်းခဲ့သည့် အမှုရှေ့နေကို တရားမဝင်ခန့်အပ်ထားသည်ဟု ဆုံးဖြတ်ကာ ပယ်ချခဲ့သည်။ ထရမ့်ကမူ ဘွန်ဒီကို လူသိရှင်ကြား ချီးကျူးကာ ကာကွယ်ခဲ့သော်လည်း ၎င်း၏ ပြိုင်ဘက်များကို အမြန်ဆုံး အမှုဖွင့်နိုင်ခြင်း မရှိသေးသည့်အပေါ် စိတ်မရှည်သည့် လက္ခဏာများလည်း ပြသခဲ့သည်။
ဘွန်ဒီသည် ဇန်နဝါရီ ၆ ရက်၊ ၂၀၂၁ ခုနှစ်က အမေရိကန် ကက်ပီတိုလ် အတွင်း ရဲတပ်ဖွဲ့ကို အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်နွှယ်သည့် စုံစမ်းစစ်ဆေးမှုများကို တာဝန်ယူခဲ့သော ရှေ့နေများ အပါအဝင် အမှုထမ်း ထောင်ချီ ထွက်ခွာသွားမှုကို ကြီးကြပ်ခဲ့ရသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနှင့် ကျင့်ဝတ်ဆိုင်ရာ စုံစမ်းရေးအရာရှိများ၊ အကြမ်းဖက်မှု တားဆီးရေး ရှေ့နေများ စသဖြင့်လည်း ဌာနမှ ထွက်ခွာခဲ့ကြသည်။
အက်ပ်စတိုင်း ဖိုင်များနှင့် ပတ်သက်၍လည်း ဘွန်ဒီသည် စောစီးစွာကတည်းက အမှားအယွင်းများကြောင့် ဝေဖန်ခံခဲ့ရသည်။ ၂၀၂၅ ခုနှစ် Fox News Channel အင်တာဗျူးတစ်ခုတွင် အက်ပ်စတိုင်း၏ “client list” သည် သူမ၏ စားပွဲပေါ်တွင် စိစစ်ရန် ရှိနေသည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ထိုကဲ့သို့ စာရင်း မရှိကြောင်း ဌာနက အတည်ပြုခဲ့သည်။ White House တွင် ကွန်ဆာဗေးတစ် အင်ဖလူးရန်ဆာများထံ အက်ပ်စတိုင်း ဖိုင် စာအုပ်များ ပေးအပ်ခဲ့ရာတွင်လည်း ဖိုင်များအတွင်း အသစ်သော အချက်အလက် မပါဝင်ကြောင်း ထွက်ပေါ်လာသဖြင့် လှောင်ပြောင်ခံခဲ့ရသည်။ ဇူလိုင်လတွင် နောက်ထပ် ဖိုင်များ မထုတ်ပြန်တော့ကြောင်း တရားရေးဌာနက ကြေညာခဲ့ပြီးနောက် ကွန်ဂရက်က ထုတ်ပြန်ရန် ဥပဒေကြမ်း တင်သွင်းသည်အထိ ဖြစ်လာခဲ့သည်။
အက်ပ်စတိုင်း ဖိုင်များကို ကိုင်တွယ်ရာတွင် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ White House အမှုထမ်းချုပ် ဆူဇီ ဝိုင်လ်စ် (Susie Wiles) ကလည်း Vanity Fair သို့ “လုံးဝ မအောင်မြင်ခဲ့” ဟု ဝေဖန်ခဲ့သည်။ ဖိုင်သန်းပေါင်းများစွာကို တရားရေးဌာနက ထုတ်ပြန်ခဲ့သော်လည်း ဝေဖန်သံများ မငြိမ်သက်ခဲ့ဘဲ ရီပတ်ဘလီကန် ၅ ဦး၏ ထောက်ခံမှုဖြင့် အောက်လွှတ်တော်က ဘွန်ဒီကို ကျမ်းသစ္စာခံ မေးမြန်းရန် ဆင့်ခေါ်ခဲ့သည်။
ဘွန်ဒီသည် ထရမ့်၏ ပထမအကြိမ် impeachment မှာလည်း ကာကွယ်ပေးခဲ့သူဖြစ်ပြီး၊ ၎င်းသည် ထရမ့်၏ ဒုတိယရွေးချယ်မှုအဖြစ် တရားရေးဌာနကို ဦးဆောင်ရန် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ ပထမရွေးချယ်ထားသူ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း မတ် ဂဲအက်ဇ် (Matt Gaetz) သည် လိင်လူကုန်ကူးမှု စွပ်စွဲချက်များကြောင့် စိစစ်ခံနေရချိန်တွင် ကိုယ်စားလှယ်အမည်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။