
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အီရန်အပေါ် ပိုမိုပြင်းထန်သည့် စစ်ရေးအရေးယူမှုများ လုပ်ဆောင်မည်ဟု ကတိပေးခဲ့သည့် မိန့်ခွန်းကြောင့် အမေရိကန်နိုင်ငံတွင် လောင်စာဆီဈေးနှုန်းများ စံချိန်တင်အဆင့်သို့ မြင့်တက်လာနိုင်ပြီး နွေရာသီ ခရီးသွားရာသီမတိုင်မီ စားသုံးသူများအပေါ် ဖိအားပိုမိုမြင့်တက်လာနိုင်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက သတိပေးသည်။
Reuters ၏ ဖော်ပြချက်အရ ထရမ့်၏ မိန့်ခွန်းတွင် အီရန်စစ်ပွဲကို အဆုံးသတ်ရန်နှင့် ကမ္ဘာ့ရေနံ သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသည့် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်များ ပါဝင်လာမည်ဟု အများအပြားက မျှော်လင့်ထားကြသော်လည်း ထရမ့်က အီရန်ကို “Stone Ages” သို့ ပြန်ပို့မည်ဟု ပြောဆိုခဲ့ပြီး စစ်ပွဲပြီးဆုံးသွားသည့်အခါ ရေလက်ကြားသည် “သဘာဝအတိုင်း” ပြန်ဖွင့်လာမည်ဟု ဆိုသည်။ ယင်းပြောဆိုချက်များကြောင့် ကြာသပတေးနေ့တွင် အမေရိကန်ရေနံစိမ်းဈေး ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။
စျေးကွက်သုတေသနပညာရှင် Patrick De Haan ၏ အဆိုအရ အမေရိကန်နိုင်ငံတွင် ဓာတ်ဆီပျမ်းမျှ လက်လီဈေးနှုန်းသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်အစောပိုင်းတွင် တစ်ဂါလန် ၄ ဒေါ်လာအထက်သို့ ကျော်လွန်ခဲ့ပြီး နောက်တစ်ပတ်အတွင်း တစ်ဂါလန် ၄.၂၅ ဒေါ်လာမှ ၄.၄၅ ဒေါ်လာအထိ ထပ်မံမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်မည့် ယုံကြည်ရသော အစီအစဉ် မရှိပါက တစ်လအတွင်း ဓာတ်ဆီတစ်ဂါလန် ၅ ဒေါ်လာအထက်သို့ ကျော်လွန်ပြီး စံချိန်တင်နိုင်မည်ဟုလည်း ၎င်းက ပြောသည်။
တစ်ပြိုင်နက်တည်းတွင် လက်ကားဈေးကွက်လည်း ကြာသပတေးနေ့၌ မြင့်တက်လာခဲ့ပြီး Great Lakes, Great Plains, Northeast နှင့် West Coast ဒေသများတွင် မနက်ပိုင်းအချိန် တစ်ဂါလန်လျှင် ၁၇ ဆင့် တက်ခဲ့ကြောင်း Gulf Oil ၏ စွမ်းအင်အကြံပေး Tom Kloza က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ Gulf Coast ဒေသတွင်မူ တစ်ဂါလန်လျှင် ၁၉ ဆင့်အထိ မြင့်တက်ခဲ့သည်။
အများသူငှာ မျက်စိမိမှု နည်းသော်လည်း ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် တိုက်ရိုက်ဆက်စပ်နေသော ဒီဇယ်ဈေးနှုန်းများလည်း လာမည့် ၂ ပတ်အတွင်း စံချိန်တင်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း De Haan က သတိပေးထားသည်။ ကြာသပတေးနေ့တွင် အမေရိကန်တစ်ဝန်း ပျမ်းမျှ လက်လီဒီဇယ်ဈေးမှာ တစ်ဂါလန် ၅.၄၇ ဒေါ်လာ ရှိပြီး လာမည့် ၂ ပတ်အတွင်း ၅.၈၀ ဒေါ်လာမှ ၆ ဒေါ်လာကျော်အထိ တက်နိုင်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံ၏ ယခင် စံချိန်မြင့် ပျမ်းမျှလက်လီဒီဇယ်ဈေးမှာ ၂၀၂၂ ခုနှစ်က တစ်ဂါလန် ၅.၈၃ ဒေါ်လာ ဖြစ်ခဲ့သည်။