
အမေရိကန် အထူးတပ်ဖွဲ့များသည် အီရန်နိုင်ငံအတွင်း ပစ်ချခံခဲ့ရသော လေတပ်အရာရှိတစ်ဦးကို အန္တရာယ်များသည့် ကယ်ဆယ်ရေးစစ်ဆင်ရေးဖြင့် ထုတ်ခေါ်နိုင်ခဲ့သည်။ စစ်ပွဲသည် ၆ ပတ်မြောက်အထိ ဆက်လက်ကြာမြင့်နေပြီး သံတမန်ရေးအရ အဖြေရှာရန် ကြိုးပမ်းမှုများမှာလည်း တိုးတက်မှု မထင်ရှားသေးသည့်အချိန်တွင် သမ္မတ ဒေါ်နယ်လ် ထရမ့်နှင့် အစ္စရေးတို့က အီရန်အပေါ် ဖိအားကို ပိုမိုမြှင့်တင်လာခဲ့သည်။
Reuters ၏ ဖော်ပြချက်အရ ကယ်ဆယ်ခံရသူမှာ သောကြာနေ့က ပစ်ချခံခဲ့ရသည့် F-15 တိုက်လေယာဉ်၏ လက်နက်ဆိုင်ရာ အရာရှိဖြစ်ပြီး ဒဏ်ရာရထားသော်လည်း “အဆင်ပြေပါလိမ့်မယ်” ဟု ထရမ့်က လူမှုကွန်ရက် X တွင် ပြောကြားခဲ့သည်။ လေယာဉ်မှူးကိုမူ သောကြာနေ့ကတည်းက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပြီး အစ္စရေးဘက်ကလည်း အဆိုပါစစ်ဆင်ရေးတွင် ကူညီခဲ့ကြောင်း ပြောသည်။ အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ စစ်ဆင်ရေးတွင် စစ်လေယာဉ်အများအပြား ပါဝင်ခဲ့ပြီး အီရန်တပ်ဖွဲ့များ၏ ပြင်းထန်သည့် ခုခံမှုကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
အီရန်စစ်တပ်ကမူ အမေရိကန်ဘက်က အသုံးပြုသည့် စစ်လေယာဉ်အတော်များများ ပျက်စီးခဲ့ကြောင်း ပြောဆိုပြီး ၎င်းတို့အနက် သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စီးနှင့် Black Hawk ရဟတ်ယာဉ် ၂ စီး ပါဝင်ကြောင်း ဆိုသည်။ လူမှုကွန်ရက်များပေါ်တွင် ပျက်စီးနေသည့် လေယာဉ်အပိုင်းအစများ၏ ရုပ်ပုံများ ပျံ့နှံ့လာခဲ့ပြီး Reuters ကလည်း ယင်းနေရာကို အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ အမေရိကန်အရာရှိတစ်ဦးကမူ ကယ်ဆယ်ရေးတွင် အသုံးပြုခဲ့သည့် လေယာဉ်အနည်းဆုံး ၁ စီးကို စက်ချို့ယွင်းမှုကြောင့် ပျက်စီးဖျက်ဆီးခဲ့ရကြောင်း Reuters ကို ပြောကြားခဲ့ပြီး Wall Street Journal ကလည်း အထူးတပ်ဖွဲ့ဝင်များကို တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ကာ ပြန်လည်ခေါ်ထုတ်သည့် MC-130J လေယာဉ် ၂ စီးကို ချို့ယွင်းမှုကြောင့် အမေရိကန်တပ်ဖွဲ့က ဖျက်ဆီးလိုက်ကြောင်း ရေးသားခဲ့သည်။
ဝါရှင်တန်ရှိ အဆင့်မြင့်အစိုးရအရာရှိတစ်ဦးကလည်း CIA အနေဖြင့် “အမေရိကန်တပ်ဖွဲ့များသည် ပျောက်ဆုံးနေသည့် လေတပ်အရာရှိကို ရှာတွေ့ပြီး မြေပြင်ကနေ နိုင်ငံအပြင်ဘက် ထုတ်ခေါ်နေပြီ” ဆိုသည့် သတင်းမှားကို အီရန်အတွင်း ဖြန့်ကျက်ခဲ့ကြောင်း ပြောသည်။ အီရန်ဘက်က ဖြစ်ရပ်အခြေအနေကို မရှင်းလင်းဘဲ ရှုပ်ထွေးနေချိန်တွင် ပျောက်ဆုံးနေသည့် လက်နက်ဆိုင်ရာ အရာရှိကို တောင်တန်းအပေါက်တစ်ခုအတွင်း တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း အဆိုပါအရာရှိက ထပ်မံပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသတင်းက ထရမ့်က စွမ်းအင်အခြေခံအဆောက်အအုံများကို ပိုမိုထိုးနှက်မည်ဟု ခြိမ်းခြောက်ထားသည့်အချိန်တွင် သူ့ဘက်အတွက် အားသာချက်တစ်ခု ဖြစ်လာခဲ့သည်။ စနေနေ့က ထရမ့်သည် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောသွားလာမှုလမ်းကြောင်းများကို ၄၈ နာရီအတွင်း ပြန်ဖွင့်ပေးရန် အီရန်ကို သတိပေးခဲ့ပြီး ယင်းလမ်းကြောင်းသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်းတင်ပို့မှု၏ အနီးပါး ၅ ပုံ ၁ ပုံ ဖြတ်သန်းရာ အရေးကြီးသည့် လမ်းကြောင်းဖြစ်သည်။ တနင်္ဂနွေနေ့တွင်လည်း ထရမ့်က အီရန်အနေဖြင့် ရေလက်ကြားကို ဖွင့်မပေးပါက “ငရဲထဲနေရမယ်” ဟု လူမှုကွန်ရက်တွင် ပြင်းထန်စွာ ရေးသားခဲ့သည်။
ဖိအားကို ဆက်လက်မြှင့်တင်နေသူများထဲတွင် အစ္စရေးလည်း ပါဝင်သည်။ အစ္စရေးသည် စနေနေ့တွင် အရေးကြီးသည့် ပက်ထရိုကဲမစ်စက်ရုံကြီးတစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် လာမည့် ၁ ပတ်အတွင်း အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ထပ်မံပစ်မှတ်ထားရန် ပြင်ဆင်နေကြောင်း၊ ဝါရှင်တန်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း အစ္စရေး ကာကွယ်ရေးအရာရှိကြီးတစ်ဦးက ပြောသည်။ သို့သော် အမေရိကန်နှင့် အစ္စရေး၏ ရက်ရှည်တိုက်ခိုက်မှုများကြောင့် အီရန်စစ်ရေးနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများ ထိခိုက်နစ်နာနေသော်လည်း ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်ထားနိုင်မှုက အီရန်အတွက် အားသာချက်တစ်ရပ်အဖြစ် ရှိနေပြီး ထရမ့်၏ တောင်းဆိုချက်ကို လိုက်နာမည့် လက္ခဏာ မပြသေးကြောင်း သိရသည်။ အီရန်သည် အစ္စရေးကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်နေသကဲ့သို့ တနင်္ဂနွေနေ့တွင်လည်း ဘာရိန်းနှင့် အဘူဒါဘီရှိ ပက်ထရိုကဲမစ်စက်ရုံများကို ဒရုန်းဖြင့် တိုက်ခိုက်ကာ ပင်လယ်ကွေ့ဒေသရှိ အမေရိကန်မဟာမိတ်များကိုလည်း ထိမှန်နိုင်စွမ်းရှိကြောင်း ပြသခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ အီရန်အတွင်း အရပ်ဘက်ပစ်မှတ်များကို ထပ်မံတိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်မည်ဟု သတိပေးထားသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများကတော့ လက်ရှိအထိ အောင်မြင်မှုမရသေးပေ။ ပါကစ္စတန်က ကြားဝင်ညှိနှိုင်းပေးခဲ့သော်လည်း နှစ်ဖက်သဘောတူညီချက် ရရှိရန် မအောင်မြင်သေးကြောင်း သိရပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ္ဘတ်စ် အာရာ့ချီကလည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်လာခဲ့သည့် အမေရိကန်နှင့် အစ္စရေး၏ စစ်ဆင်ရေးကို အပြီးတိုင် ရပ်တန့်ပေးရန် တောင်းဆိုထားကြောင်း X တွင် ရေးသားခဲ့သည်။ စစ်ပွဲကြောင့် အီရန်နှင့် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများ၏ အရေးကြီး စီးပွားရေးအခြေခံအဆောက်အအုံများ ပိုမိုထိခိုက်လာနေပြီး တိုက်ပွဲပြီးဆုံးသွားသည့်နောက်ပိုင်းလည်း လအနည်းငယ်မှ နှစ်အတန်ကြာအထိ သက်ရောက်မှုရှိနိုင်ကြောင်း သတိပေးထားသည်။ ဟော်မုဇ်မှ ဖြတ်သန်းလာသည့် ရေနံပမာဏ လျော့ကျနေချိန်တွင် OPEC ရေနံထုတ်လုပ်သည့် နိုင်ငံများ၏ ဝန်ကြီးများက တနင်္ဂနွေနေ့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း ရေလက်ကြားပိတ်ဆို့မှုနှင့် အခြေခံအဆောက်အအုံပျက်စီးမှုများကြောင့် ရေနံထုတ်လုပ်မှုကို ချက်ချင်းတိုးမြှင့်နိုင်ရန် မလွယ်ကူကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။