My

တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်ပေးပို့ပါက အရေးယူမည်ဟု ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး သတိပေး

တောင်ကိုရီးယားအနေဖြင့် ယူကရိန်းသို့ သေစေနိုင်သော လက်နက်များ ပေးပို့မည်ဆိုပါက မော်စကိုအနေဖြင့် “တုံ့ပြန် အရေးယူမှုများ” လုပ်ဆောင်နိုင်ကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ရူဒန်ကိုက သတိပေးလိုက်သည်။ တောင်ကိုရီးယား၏ ယူကရိန်းအထောက်အပံ့ မူဝါဒကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသတင်းဌာန Tass နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ရူဒန်ကိုက အမေရိကန်လက်နက်များကို ယူကရိန်းသို့ ပေးပို့ရန် စီစဉ်ထားသော Prioritized Ukraine Requirements List (PURL) ကိုလည်း ရည်ညွှန်းပြီး တောင်ကိုရီးယားဘက်သို့ ရုရှား၏ မူဝါဒကို လမ်းကြောင်းမျိုးစုံမှတစ်ဆင့် အကြိမ်ကြိမ် အသိပေးထားကြောင်း ပြောသည်။ “တောင်ကိုရီးယားအနေဖြင့် ကီယက်ဗ်အစိုးရအတွက် သေစေနိုင်သော လက်နက်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးပို့သည့် လုပ်ရပ်တွင် ပါဝင်ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း” ရုရှားက ရပ်တည်ထားသည်ဟု ၎င်းက ဆိုသည်။

“မဟုတ်ပါက ရုရှားနှင့် တောင်ကိုရီးယား ဆက်ဆံရေးသည် အလွန်အမင်း ထိခိုက်နိုင်ပြီး တုံ့ပြန် အရေးယူမှုများ လုပ်ဆောင်ရန် ကျွန်တော်တို့ ဖိအားပေးခံရမည်။ အဲဒီလို အဆင့်ထိ မရောက်စေချင်ပါဘူး” ဟု ရူဒန်ကိုက ပြောကြားခဲ့သည်။ ယင်းသတိပေးချက်မှာ တောင်ကိုရီးယားက PURL မူဘောင်တွင် ပါဝင်ရန် စဉ်းစားနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် လွန်ခဲ့သည့် တစ်လခန့်ကလည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန် အရေးယူမည်ဟု သတိပေးခဲ့ပြီးနောက် ထပ်မံ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း စစ်ပွဲ စတင်ချိန်မှစ၍ တောင်ကိုရီးယားသည် ယူကရိန်းသို့ သေစေနိုင်သော လက်နက်များမဟုတ်သည့် အကူအညီများနှင့် လူသားချင်းစာနာမှု အထောက်အပံ့များကိုသာ ပေးအပ်ထားကြောင်း သိရသည်။

အဆိုပါ အင်တာဗျူးတွင်ပင် ရူဒန်ကိုက ဂျပန်အနေဖြင့် ရုရှား၏ ဖားအရှေ့ဒေသ နယ်စပ်များကို ခြိမ်းခြောက်လာပါက “သင့်လျော်သော တန်ပြန်အစီအမံများ” ကို လုပ်ဆောင်မည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *